သျှမ်း/မြောက် နမ့်ခမ်းမြို့၌ ဆီလီကွန် သတ္တု ကျောက်ခိုး တင်လာသော ကား ကို ဒေသခံများ စုပေါင်းဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။
ဆီလီကွန်သတ္တုကျောက်များကို တရုတ်ပြည်သို့ပို့ဆောင်ရန် နမ့်ခမ်းမြို့ ၏ အနောက်တောင်ရပ် ၈ မိုင်ခန့် ကွာဝေး သော ဟွေ့အို့ သတ္တုတူး ဖော်ရေး စခန်းမှ တင်လာခြင်းဖြစ်ပြီး ၎င်းဆီလီကွန်ကျောက်တင်လာ သော ကားမှာ ငွေကမ္ဘာကျော် (သတ္တုတူးဖော်ရေးကုမ္ပဏီ) မှကားဖြစ်ကြောင်း နမ့်ခမ်းမြို့ ကျားခေါင်းပါတီ SNLD အတွင်းရေးမှူး စိုင်းထွန်းလှိုင် ကဆိုသည်။
“သတ္တုတူးဖော်မှုရပ်တန့်ရေးအတွက် ကျနော်တို့ပြည်သူတွေ စက်တင်ဘာလ ၅ ရက်နေ့က ဆန္ဒပြတောင်းဆိုပွဲ ကျင်းပခဲ့တယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း က သြဂုတ်လ ၃၁ ရက်နေ့ရက်စွဲနဲ့ သတ္တုတူးဖော်မှု ယာယီ ရပ်ဆိုင်းထား ဖို့ကြေငြာချက်တစ်စောင် ထုတ်ခဲ့ပြီးပြီ၊ စက်တင်ဘာလ ၁၉ ရက်ကလည်း သတ္တုတွင်းဝန်ကြီး စိုင်းအိုက်ပေါင်း လည်း သတ္တုတူးဖော်ခွင့် သယ်ဆောင်ခွင့် မပြုဆိုပြီးတော့ အမိန့်ထုတ်ခဲ့သေးတယ် ”ဟု သူက ပြောသည်။
၎င်းအပြင် “သတ္တုတူးဖော်တဲ့ကုမ္ပဏီတွေက အဲတာတွေကိုမသိလို့ ခုလို လုပ်နေတာလား။ တမင်သက်သက် သိလျက် နဲ့ လုပ်နေတာလား။ ဘယ်သူ့ကိုမှ အရေးမစိုက်တဲ့ပုံ နဲ့ လုပ်နေတာလား။ ဒီလောက်ကန့်ကွက် တဲ့ကြားက လုပ်နေတာ ကျနော်အ့ံသြမိ ပါတယ်” ဟု ဆက် ပြောသည်။
အဆိုပါသတ္တုတင်ကားသည် ယခုလ ၂ ရက်နေ့ ညနေ ၄း၁၂ နာရီက ဟွေ့အို့ သတ္တုတူးဖော်ရေးစခန်းမှ နမ့်မ ချောင်းတံတားသို့ရောက်ရှိလာရာ ညနေ ၄း၃၈ မိနစ်အချိန် ဟိုကတ်ရပ်ကွက် ပညာရာမ ဘုန်းတော်ကြီး ကျောင်းရှေ့တွင် ကျားဖြူပါတီ၊ ကျားခေါင်းပါတီအဖွဲ့ဝင်များ၊ မြို့နယ် အုပ်ချုပ်ရေးအထောက်အကူ ပြုအဖွဲ့ဝင် များ၊လယ်သမားများ၊ပြည်သူ့လွှတ်တော်အမတ် စိုင်းတင်ဦးနှင့်ဒေသခံ ပြည်သူလူထုက စုပေါင်းဖမ်းဆီးပြီး ရဲစခန်းသို့ ပေးပို့ခဲ့ကြောင်း နမ့်ခမ်းဒေသခံ စိုင်းမောင်ကဆိုသည်။
“ ကျနော်တို့ ပိတ်ပြီးဖမ်းလိုက်တာ တစ်စီးပဲမိတယ် ကျန်တစ်စီးက ကောင်းဝိန်း ရွာကူးတို့ဆိပ် ကနေတဆင့် တရုတ်ပြည်ဘက်ကို ထွက်သွားတယ်၊ ဖမ်းဆီးရတဲ့ တစ်စီးကို ရဲတပ်ဖွဲ့ လက်ထဲအပ်လိုက်တယ်။ ရဲစခန်းကိုမောင်းသွားမယ်လို့ ထင်နေကြတာ ဘယ်ဟုတ်မလဲ ရဲစခန်းဘက်မသွားပဲ MGC ကုမ္ပဏီ (ရေနံပိုက်လိုင်းတည်ဆောက်ရေး) ခြံဝင်းရှိိှ ရာ အောင်မေတ္တာ ရပ်ကွက် ထဲ မောင်းသွားတယ်။ အဲ့အချိန်မှာလဲ ကားခေါင်းခန်းမှာ နယ်ထိန်းရဲ ဦးခင်ဇော် ပါနေတယ် ၊အံသြတာက ကားသမားကို ရဲက မတားဘူး ငြိမ်ပြီးလိုက်ထိုင်နေ တယ်၊ ပြီးမှ မြို့နယ်အုပ်ချုပ်ရေးအထောက်အကူပြုအဖွဲ့ရောက်လာမှ နမ့်ခမ်း မြို့နယ်ရဲစခန်းကိုပြန်လည်မောင်း သွားတယ် ” ဟု ၎င်းကဆိုသည်။
၎င်းသတ္တုကျောက်ခိုးတင်လာသောကားကို နမ့်ခမ်းရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း မြို့နယ် အထောက် အကူပြုအဖွဲ့ဝင် ဦးစိုင်းအောင်ဝင်း ကဆိုသည်။
“မနေ့ကလည်း သတ္တုကျောက်တွေအပေါ်မှာ မီးသွေးအိတ်ဖုံးပြီး တင်လာ တဲ့ ထော်လာဂျီသေးနှစ်စီးနောင်တိန်း ကူးတို့ဆိပ်ကနေ တရုတ်ပြည်ဘက် ထွက်ပြေး လွတ်မြောက်သွားသေးတယ်။ ပြည်သူလူထုက သတင်းပေး လာ တာနောက်ကျလို့။ မဟုတ်ရင် ယခုလို ဖမ်းဆီးမိရမှာ” ဟု ၎င်းကပြောသည်။
ဒေသခံပြည်သူလူထုအတွက် ကောင်းကျိုးလုံးဝမရှိသော သတ္တုတူးဖော်ရေး လုပ်ငန်း ထာဝရရပ်တန့်သွားရန် ဒေသခံပြည်သူလူထုနှင့် နမ့်ခမ်းမြို့ရှိ နိုင်ငံရေး ပါတီများ လက်တွဲပူးပေါင်းပြီးလုပ်ဆောင်သွားမည်ဟု (SNLD) ကျားခေါင်းပါတီ ဥက္ကဌ ဦးစိုင်းလိန်မြတ်ကပြောသည်။