SSPP တာဖာဆောင်တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရပြီ

SSPP တာဖာဆောင်တပ်စခန်းကို ဆုတ်ခွာပေးလိုက်ရပြီ
by -
မဇ္စျိမ

အစိုးရ စစ်တပ်နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေသော ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA ၏ တာဖာဆောင်တံတာအနီးရှိ တပ်စခန်းကို SSPP က အောက်တိုဘာလ ၃ ရက် ၁၀ နာရီခန့်တွင် ဆုတ်ခွာပေးလိုက်ရပြီဟု တပ်ပေါင်းစုရေးရာဌာန၏ ဒုတိယ တာဝန်ခံ ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

အောက်တိုဘာ ၃ရက် နံနက် အစောပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း လွယ်လင်ခရိုင် တာဖာဆောင်တံတားအနီး အခြေချထားသော SSPP/SSA တပ်စခန်းသို့ အစိုးရ၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်နှင့် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်လာသဖြင့် ၁၀ နာရီတွင် ဆုတ်ပေးလိုက်ခြင်း ဖြစ်သည်ဟု သူက မဇ္စျိမကို ပြောသည်။

“ဒီမနက် တိုက်ပွဲက ဆက်ဖြစ်နေတယ်။ ၁၂၀ မမနဲ့ တာဖာဆောင်ကို ပစ်တယ်။ ၆ မိုင် ၈ မိုင်လောက် ဝေးတဲ့ နမ့်ပုပ်ကနေ လက်နက်ကြီးတွေနဲ့ တာဖာဆောင်ကို ပစ်တယ်။ ၉ နာရီ ၁၀ နာရီထိ အမြောက် လက်နက်ကြီးတွေနဲ့ ပစ်တာ။ ကျွန်တော်တို့ တာဖာဆောင်ကနေ ဆုတ်ပေးလိုက်ပြီ”ဟု ဗိုလ်မှူးကြီး ပိန်ဖက ပြောသည်။

အစိုးရဘက်မှ လက်နက်ကြီး ပစ်ခတ်လာသဖြင့် တာဖာဆောင် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ရွာသားများမှာ အောက်တိုဘာ ၂ရက်မှ စတင်၍ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ပြီးခဲ့သည့် သုံးရက်က လားရှိုး၊ တန့်ယန်းနှင့် မိုးညဲမြို့နယ် ကျိန်းသောင်းဒေသဘက်မှ အစိုးရ စစ်ဗျူဟာ ၅ ခုမှ စစ်အင်အား ၁၀၀၀ ခန့်လာရောက် တိုးမြှင့်ချလာသဖြင့် အောက်တိုဘာလ ၂ ရက်မှ စတင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်က ရန်ကုန်မြို့၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (UWPC) တို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်။

အစိုးရ၏ ငြိမ်းချမ်းရေးသည် စစ်ရေးအရ ဖိအားပေးလာခြင်းဖြစ်၍ အစိုးရသာလျှင် တာဝန်ရှိသည်ဟု  ဗိုလ်မှူးကြီး ပိန်ဖက “အစိုးရက ငြိမ်းချမ်းရေးကို စားပွဲပေါ်မှာ ဖြေရှင်းမလား။ စစ်မြေပြင်မှာ ဖြေရှင်းမလား။ အစိုးရကဘဲ တာဝန်ခံရမယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အစိုးရ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် စိုးဝင်း၏ အမိန့်အရ အောက်တိုဘာလ ၁ ရက် နောက်ဆုံးထားပြီး SSPP ကို တာဖာဆောင်စခန်းမှ ဆုတ်ခွာပေးရန်နှင့် ဆုတ်ခွာပေး၊ မပေးအကြောင်းပြန်ရန် အကြောင်းကြားခဲ့ပြီးနောက် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားနေချိန်တွင် ရှမ်းတိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် လက််နက်ကိုင် အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးနေပြီး SSPP/SSA မှ နယက ဗိုလ်ချုပ် ဆေထင် တက်ရောက် ဆွေးနွေးနေသည်ဟု သိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်း ပြည်တပ်မတော်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်စဲရေးကို ပြီးခဲ့သည့် ၂၀၁၂ခုနှစ် ဇန်နဝါရီလ၂၈ရက်က တောင်ကြီးမြို့တွင် ရေးထိုးထားသည်။