ပဲခူးတိုင်းရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ထိန်းချုပ်နယ်မြေ တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန် နေ့နံနက် ၁၁နာရီခွဲတွင် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာအစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှုတစ်ရပ် ထပ်မံ ဖြစ်ပွားခဲ့သည်ဟု သိရသည်။
မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)လက်အောက်ခံ ခြေမြန်တပ်ရင်း(ခမရ-၅၉၈)မှ အင်အား ၂၀ကျော် လှုပ်ရှားနေသည့်အဖွဲ့နှင့် အင်အား ၃ဦးရှိ KNLA လှုပ်ရှားအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း KNLA တပ်ရင်း(၈)၏ ဒုတပ်ရင်း မှူး ဒု-ဗိုလ်မှူးကြီးစောရေးဒို့က ကေအိုင်စီသို့ ပြောသည်။
“အစိုးရစစ်တပ်က တက်လာတာ ဘာမှအကြောင်းမကြားဘူး။ ကျနော်တို့ဘက်ကလည်း သွားလာရင်းနဲ့ ရုတ်တရက် ထိပ်တိုက် တိုးတော့ ပစ်ခတ်မှုဖြစ်တာပါ။ ကျနော်တို့ဖြစ်တာတော့ မိနစ်ပိုင်းလောက်ပါပဲ။ နှစ်ဖက်ထိခိုက်မှု ဘာမှမရှိပါဘူး”ဟု ဗိုလ်ကြီးစော ၀ါးဖြူးက ပြောဆိုသည်။
မုန်းမြို့နယ်အတွင်းရှိ လှုပ်ရှားနေသော မြန်မာအစိုးရစစ်တပ် ခမရ(၅၉၈)သည် ဒု-ဗိုလ်မှူးကြီးဇော်ဝင်းနိုင် ဦးဆောင်သော တပ်ရင်း ဖြစ်ကြောင်း သိရသည်။
ယခင်လ စက်တင်ဘာ ၂၇ရက်နေ့ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာန ချုပ်-စကခ(၁၀)၏ ခြေမြန်တပ်ရင်း(ခမရ-၃၆၁)မှ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာ ကွယ်ရေးအဖွဲ့(KNDO)ကို ပစ်ခတ်ခဲ့သဖြင့် ၁ဦးသေဆုံးကာ ၁ဦး ဒဏ်ရာရရှိခဲ့သည်။