လာမည့် ၂၀၁၅ အတွင်းရွေးကောက်ပွဲ ကာလ အစမှ အဆုံးတိုင် တည်ငြိမ်အေးချမ်း ချောမွေ့စွာ အောင်မြင်ပြီး စီးရေးကို စိန်ခေါ်မှုအဖြစ်မျှော်မှန်းပြီးအသင့်ဖြစ်ရန်နှင့် အကောင်းဆုံးဖြစ်ရန် ပြင်ဆင်ထားရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောကြားသည်။
နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာလ ၁ရက်နေ့ ကျင်းပသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရွှေရတုနှစ်ပတ်လည်နေ့ အခမ်းအနားတွင် ပြည်ထဲရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း တိုက်တွန်းပြောကြားလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က '၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲများ လုံခြုံချောမွေ့ အောင်မြင်စွာ ပြီးစီးနိုင်ရေး အတွက်လည်း ဖြစ်နိုင်တဲ့ စိန်ခေါ်ချက်များကို သုံးသပ်အဖြေထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားကြဖို့ မှာကြားလိုပါတယ်’ ဟု ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ပြည်တွင်း၊ ပြည်ပတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်သည့် အခြေအနေများကို မျက်ခြည်မပြတ် လေ့လာသုံးသပ်ကာနောင်ဖြစ် ပေါ်မည့်အခြေအနေများကို မျှော်တွေးပြီး လုံခြုံရေး မကျိုးပေါက်အောင် ကြိုတင်ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။
ဝန်ကြီးက လတ်တလော မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းကိုခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုအန္တရာယ်နှင့် ပတ်သက်ပြီး နိုင်ငံ၊ လူမျိုးနှင့် ပြည်သူလူထုအပေါ် ဘေးမကျရောက်စေရန်နှင့် ရပ်ရွာအေးချမ်းသာယာရေး အတွက် ပြည်တွင်းလုံခြုံမှုကို အပြည့်အဝဆောင်ရွက်ပေးနိုင်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် အဖက်ဖက်က ကြိုတင်မျှော်တွေးပြင်ဆင်ရန်လည်း တိုက်တွန်းခဲ့သည်။
အာဏာရပါတီဖြစ်သော ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးက ရဲတပ်ဖွဲ့အနေဖြင့် ဥပဒေကြောင်းနှင့် မညီညွတ်သည့်လုပ်ရပ်များကို တားဆီးရမည်ဖြစ်ပြီး ရွေးကောက်ပွဲကာလအတွင်း ပါတီများ အချင်းချင်းခိုက်ရန် ဖြစ်ပွားစရာမရှိဟု ပြောကြားသည်။
၎င်းက 'ဒါပေမယ့် ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ဥပဒေချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပေါ့’ ဟု ဖြည့်စွက်ပြောသည်။
ခေတ်အဆက်ဆက်က ပြည်တွင်းလုံခြုံရေးကို တပ်မတော်ကအဓိကတာဝန်ယူခဲ့ပြီး ရဲတပ်ဖွဲ့က ပံ့ပိုးဆောင်ရွက် ပေးခဲ့သည်သာဖြစ်သော်လည်း ယခု ဒီမိုကရေစီ အစိုးရ လက်ထက်တွင် ရဲတပ်ဖွဲ့က နိုင်ငံတကာစံနှုန်းနှင့် အညီတာဝန်ယူနေသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ပြောသည်။
ထို့ကြောင့်ရဲတပ်ဖွဲ့ကို တိုးချဲ့ဖွဲ့စည်းရာတွင် နိုင်ငံဖြတ်ကျော််မှုခင်းဌာနကြီး၊ရဲလေ့ကျင့်ရေး ဌာနကြီး၊နယ်ခြား စောင့်ရဲကွပ်ကွဲမှုအဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်း ရေးတပ်ဖွဲ့၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၊ ရေကြောင်းရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ စသည့်တပ်ဖွဲ့ အသစ်များကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။
ထို့အတူ ရဲတပ်ဖွဲ့ စွမ်းဆောင်ရည်မြင့်မားရေးအတွက်လည်း ဥရောပသမဂ္ဂနှင့် ပူးပေါင်းကာ လူစုလူဝေအား စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းခြင်း သင်တန်း၊ ပြည်သူဗဟိုပြုသော ရဲလုပ်ငန်းစနစ်သင်တန်းများ၊ သတင်းနှင့် ပြည်သူ့ ဆက်ဆံရေးဝန်ဆောင်မှု အတက်ပညာဆိုင်ရာသင်တန်း၊ ကျင့်ဝတ်နှင့် လူ့အခွင့်အရေးဆိုင်ရာအလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့့ကို ဆောင်ရွက်နေသည်။