မူးယစ် ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပြစ်ဒဏ် ပေးမည်ဟု SSPP/SSA ထုတ်ပြန်

မူးယစ် ဆေးဝါး ပတ်သက်သူများ ကြီးလေးသည့် ပြစ်ဒဏ် ပေးမည်ဟု SSPP/SSA ထုတ်ပြန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါးများ ပေါများပြီး တစ်မျိုးသားလုံး၏ ရန်သူ ဖြစ်လာ သောကြောင့် လူထု တောင်းဆိုချက် အရ SSPP/SSA မှ အထူး စီမံချက်ဖြင့် တိုက်ဖျက် သွားမည် ဖြစ်ပြီး ပတ်သက်ဆက် နွယ်သူ များအား ကြီးလေးသည့် ပြစ်ဒဏ် ပေးသွားမည်ဟု ပြောသည်။

မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ ကျေးသီးမြို့နယ် အတွင်းနေ ဒေသခံများ တောင်းဆိုချက်ကြောင့် မူးယစ်ဆေးဝါးများ၊ ပတ်သက်ဆက်နွယ်သူများအား ထိရောက်စွာ အရေး ယူမည်ဆို သည့်အကြောင်း သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က စက်တင်ဘာ ၂၅ ရက် ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေငြာထားသည်။

SSPP statement

“ဘိန်းစိုက်နေတာက တောင်ပေါ် နဲ့ ကျေးလက်တွေပေါ့။ ဒါပေမယ့် ဓါတုပစ္စည်းနဲ့လုပ်တဲ့ မူးယစ်ဆေး ဝါး တွေကတော့ တောရောမြို့ပါ ပျံ့နှံ့နေပြီ။ မူးယစ်ဆေးစွဲမိရင် ကျည်တစ်ထောင့် ခန္ဓာကိုယ်ထဲဝင်သွား သလိုပါဘဲ။ မူးယစ်ဆေးဟာ တစ်မျိုးသားလုံးရဲ့ အန္တရာယ်ဖြစ်လာနေပြီ။ ဒါကြောင့် ထိထိရောက်ရောက် တိုက်ဖျက်နိုင်မှဘဲ ဖြစ်တော့မယ်” ဟု SSPP/SSA ဗဟိုကော်မတီဝင် အရာရှိတစ်ဦးက ပြောသည်။

သျှမ်းပြည်တပ်မတော်အနေဖြင့် မူးယစ်ဆေးဝါးများအား တပ်ဖြင့်လည်းကောင်း၊ အုပ်ချုပ်ရေးပိုင်း ဖြင့် လည်းကောင်း၊ လူထုနှင့်တိုက်ရိုက်ဆက်သွယ်ဟောပြော ပညာပေးခြင်းဖြင့်လည်းကောင်း စတင်လုပ်ဆောင် သွား မည်ဟုဆိုသည်။ ထိုသို့ ပညာပေးပြီးနောက်ပိုင်း ကျူးလွန်သူများတွေ့ရှိပါက ထိရောက် စွာ ဖမ်းဆီး ပြစ်ဒဏ်ပေး သွားမည်ဖြစ်ကြောင်း ပြောသည်။

Most read this week