KIO နှင့်အစိုးရ ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်

KIO နှင့်အစိုးရ ရှမ်းမြောက်တွင် တိုက်ပွဲဖြစ်
by -
ကေအဲန်ဂျီ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ဖွဲ့များနှင့် အစိုးရ၏ တပ်မ ၈၈ တပ်ဖွဲ့တို့ ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးမြို့နယ်ခွဲ မုန်ဘော်ကျေးရွာအနီးတွင် ့ စက်တင်ဘာလ ၂၉ ရက်နေ့က တိုက်ပွဲ ပြန်လည် ဖြစ်ပွားခဲ့သည်ဟု တပ်မဟာ ၄ မှ KIO အရာရှိ တစ်ဦးက ပြောသည်။

ည ၉ နာရီမှ ၁၀ နာရီထိ ကေအိုင်အို၏ တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ နှင့် ၃၈ နယ်မြေ မုန်ဘော် ပြည်သူ့စစ် စခန်းချနေသော နေရာအနီးတွင် အစိုးရ တပ်မ ၈၈ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

KIA-4th-brigade-burma-army-lid-88

“၃၆၊ ၃၈ မုန်ဘော်နယ်မှာ အစိုးရစစ်တပ်က ကျနော်တို့ နယ်မြေထဲ လှုပ်ရှားနေတာကြာပြီ။ သူတို့ ပုံမှန်သွားလာနေတာ မနေ့ကတော့ တိုက်ပွဲ ပြန်ဖြစ်တာပါ” ဟု ၎င်းက ပြောသည်။ KIO ဘက်မှ ထိခိုက်ကျဆုံးမှု မရှိကြောင်း ၎င်းက ပြောသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် မုန်ဘော်ကျေးရွာအနီးတဝိုက် အစိုးရ စစ်တပ်များ အင်အားဖြည့်တင်းလာကာ KIO စစ်တပ်ဖွဲ့များနှင့် နီးနီးကပ်ကပ် ရှိနေသဖြင့် အချိန်မရွေး တိုက်ပွဲ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း အဆိုပါ KIO အရာရှိက ပြောသည်။

တိုက်ပွဲ ဖြစ်ပွားသော မုန်းဘော်ကျေးရွာ အနီးတွင် နှစ်ဖက် တပ်များ နီးကပ်စွာ စောင့်ကြည့်နေသဖြင့် အခြေနေတင်းမာနေသည်ဟု ၎င်းက ဆက်ပြောသည်။

“အစိုးရတပ်မတွေ အင်အားထပ်ဖြည့် လာနေပြီ။ ကျနော်တို့နဲ့ သိပ်နီးကပ်လာပြီ။ နှစ်ဖက် စောင့်ကြည့်နေကြ တာ။ တိုက်ပွဲက အချိန်မရွေး ဖြစ်နိုင်တယ်” ဟု သူက ပြောသည်။ အစိုးရ စစ်တပ်အင်အား ၁၀၀၀ ဝန်းကျင်တွင် ရှိနေသည်ဟု ဆိုသည်။

KIO နှင့် အစိုးရတို့ နှစ်ဖက် ဖွဲ့စည်းထားသော ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး ဖွဲ့စည်းပြီးနောက် နှစ်ဖက် တိုက်ပွဲ လျော့ကျရေး ဆွေးနွေးမှုတွင် တိုက်ပွဲဖြစ်ပွားမှု ၉၅ ရာခိုင်နှိုင်းထိ လျော့နည်းခဲ့သည်ဟု စက်တင်ဘာလ ၅ ရက်က ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးလမိုင် ဂွမ်ဂျာ က ပြောဆိုခဲ့သည်။

၎င်းအဖွဲ့ ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားမှု လျှော့နည်းခဲ့သလို၊ စက်တင်ဘာဆန်းပိုင်းမှ တစ်မြန်နေ့ထိ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု မရှိတော့ဘဲ စက်တင်ဘာလ ၂၉ ရက်နေ့ ညမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလက ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ UPWC နှင့် KIO တို့ တွေ့ဆုံ ဆွေးနွေးမှု သဘောတူညီချက်အရ ယခုနှစ် မေလ ၈ ရက်နေ့တွင် အဆိုပါ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ကို ကချင်ပြည််နယ် နယ်စပ်ရေးရာနှင့် လုံခြံုရေးဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးနှင့် KIO ဗဟိုဌာနချုပ်မှ ဗိုလ်မှူးကြီး ဇော်တောင် ဦးဆောင်သော ကိုယ်စားလှယ် ငါးဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။

Most read this week