ဂျီဟတ်တို့၏ ခြိမ်းခြောက်မှုများအတွက် မြန်မာနိုင်ငံမှ ၉၆၉ အဖွဲ့နှင့် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အင်အားစု Bodu Bala Sena -BBS တို့ပူးပေါင်းကာ ရင်ဆိုင်သွားမည်ဟု ဆရာတော် ဦးဝီရသူက စက်တင်ဘာ ၂၈ ရက်တွင် မိန့်ကြားလိုက်သည်။
သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့၌ ကျင်းပနေသည့် BBS ဗုဒ္ဓဘာသာညီလာခံတွင် ဦးဝီရသူက မိန့်ကြားလိုက် ခြင်းဖြစ်သည်။
“ခြိမ်းခြောက်ခံနေရတဲ့ ကမ္ဘာပေါ်က ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ဖို့ ဘုန်းကြီးတို့ရဲ့ ၉၆၉ အဖွဲ့နဲ့ BBS တို့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ရဟန်းတော်များ ဗုဒ္ဓဘာသာဝင် ဒါယကာ၊ ဒါယိကာမ များ တက်ရောက်သည့် ညီလာခံတွင် မိန့်ကြားခဲ့သည်။
ညီလာခံတွင် “ဗုဒ္ဓဘာသာဝင်တွေဟာ အခုဆိုရင် ဂျီဟတ်အုပ်စုတွေရဲ့ ခြိမ်းခြောက်မှုကို ကြံုတွေ့နေရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ရှည်သည်းခံမှုကို အားနည်းချက်တစ်ရပ်အဖြစ် ရှုမြင်ထားကြပါတယ်။ ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေလည်း ဖျက်ဆီးခံခဲ့ရတယ်။ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကိုလည်း ဂျီဟတ်စစ်ပွဲမှာ ပစ်မှတ်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တွေကို ထိပါးစော်ကားဖို့ မီဒီယာအဖွဲ့အစည်းတွေနဲ့ အင်အားကြီးနိုင်ငံတွေက နည်းပညာကို အသုံးပြုနေကြတယ်” ဟုလည်း ဦးဝီရသူ က မိန့်သည်။
သိရိလင်္ကာတွင် ကျင်းပနေသည့် အဆိုပါညီလာခံသို့ တက်ရောက်ရာတွင်လည်း နှောင့်ယှက်မှုများနှင့် ကြံု ခဲ့ရသည် ဟု ဦးဝီရသူက မိန့်သည်။
“အစွန်းရောက်တွေက ဟန့်တားဖို့ ကြိုးပမ်းခဲ့ပေမယ့် သီရိလင်္ကာကို လာရောက်ဖို့ ဗီဇာခွင့်ပြုပေးခဲ့တဲ့ သမ္မတ မဟိန္ဒရာဇပက်ဆေကိုလည်း ကျေးဇူးတင်ပါတယ်” ဟု ဦးဝီရသူက မိန့်ကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ “မိမိတို့၏ အမိမြေဖြစ်သော သီရိလင်္ကာနိုင်ငံအတွင်းသို့ ဦးဝီရသူ လာရောက်လည် ပတ်ခြင်းသည် ငြိမ်းချမ်းရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း” ဟု ဦးဝီရသူနှင့်ပတ်သက်၍ သီရီလင်္ကာ မွတ်စလင်ကောင်စီက သက်ဆိုင်ရာ အာဏာပိုင်များထံ သတိပေးခဲ့သည်။
သိရီလင်္ကာနိုင်ငံတွင်လည်း ဘာသာရေး ပဋိပက္ခများ ဇွန်လအတွင်းက ဖြစ်ပွားခဲ့ရာတွင် အလုဂါမနှင့် ဘေရုဝါလ အရပ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူမှုများအတွင်း လေးဦးသေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုများကို BBS အဖွဲ့က သွေးထိုးလှုံ့ဆော်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုများ ထွက်ပေါ်ခဲ့သော် လည်း ယင်းအဖွဲ့က ငြင်းဆိုထားသည်။
မြန်မာနိုင်ငံတွင်မူ ၂၀၁၂ ခုနှစ်၊ ဇွန်လ အတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခ ကြောင့် လူ ၂၅၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး ထောင်နှင့်ချီ၍ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။
BBS အဖွဲ့ခေါင်းဆောင် ဆရာတော် ဦးဂါလဂေါဒါတ္တဂန္ဓစာရသည်လည်း ဦးဝီရသူနှင့် နှိုင်းယှဉ် ဖော်ပြခဲ့ရ သူတစ်ဦးဖြစ်သည်။ ဦးဂါလဂေါဒါတ္တဂန္ဓစာရက မိမိတို့ နှစ်ပါးစလုံးသည် လက်များတွင် သွေးမစွန်းသည့် ငြိမ်းချမ်းရေးလိုလားသော ရဟန်းများဖြစ်ကြောင်း ပြောကြားထားသည်။