မြန်မာ့တပ်မတော်ကို နိုင်ငံတကာအဆင့်မီ တပ်မတော်တစ်ရပ်ဖြစ်စေရန် စီးပွားရေးနှင့် နိုင်ငံရေးတွင် ပါဝင်နေမှုကို လျှော့ချရန်လိုအပ်သည်ဟု နိုင်ငံရေးနှင့် စီးပွားရေး လေ့လာသုံးသပ်သူများက သုံးသပ်သည်။
ဂုဏ်သိက္ခာရှိသည့် ကျွမ်းကျင်တန်းဝင်သည့် တပ်မတော်ဖြစ်ရန် စီးပွားရေးတွင်သာမက နိုင်ငံရေးတွင်ပါ ပါဝင်နေခြင်းကို တဖြည်းဖြည်းချင်း လျှော့ချသွားရန် လိုအပ်သည်ဟု စီးပွားရေး လေ့လာသုံးသပ်သူ ဦးသန်းစိုး (ဘောဂဗေဒ)က ပြောသည်။
တပ်မတော်က တိုက်ရိုက်ရင်းနှီးမြှုပ်နှံ ထားသည့် စီးပွားရေးလုပ်ငန်းကြီးများသာမက နိုင်ငံသားများ ရင်းနှီး မြှုပ်နှံကြသည့် လုပ်ငန်းများတွင်လည်း တပ်မတော်မှ အငြိမ်းစားယူသည့် အဆင့်မြှင့် အရာရှိကြီးများ၊ လက်ရှိ တပ်မတော်ခေါင်းဆောင်များ၊ နိုင်ငံ့ခေါင်းဆောင် အများစုနှင့် ဆက်နွှယ်သည့်သူများက အများဆုံးဖြစ်နေသည်ဟု ၎င်းက သုံးသပ်သည်။
တပ်က စီးပွားရေးဝင်လုပ်နေခြင်းမှာ နိုင်ငံတော်၏ ကူပံ့မှုအားနည်းခြင်းကြောင့် ဟု ယူဆသူများကလည်း ရှိနေသည်။
“တပ်က လိုအပ်တာကို နိုင်ငံတော်က ဖြည့်ဆည်းပေးနိုင်ရပါမယ်။ အဲဒါဆိုရင်တော့ သူဘာသာသူ ဆုတ် သွားပါလိမ့်မယ်” ဟု ဒုတိယ ဗိုလ်မှူးကြီး(ငြိမ်း)နှင့် လက်ရှိ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေက မဇ္ဈိမ ကို ပြောသည်။
“ကျွန်တော့်အထင် အဆင်းရဲဆုံးနိုင်ငံစာရင်းက လွတ်ရင်တော့ အဲဒါက ဖြစ်သွားနိုင်ပါတယ်။ အခု တပ်မတော်သားလစာတွေက တခြားနိုင်ငံတွေထက် သုံးဆအထိ နိမ့်ပါတယ်” ဟု ၎င်းကဆိုသည်။
မြန်မာစီးပွားရေး ဦးပိုင်လီမိတက်သည် တပ်မတော်သားများ၏ အစုရှယ်များဖြင့် ရင်းနှီးမြှုပ်နှံကာ ရရှိသည့် အကျိုးအမြတ်များကို ၎င်းတို့အပြင် စစ်မှုထမ်းဟောင်းများကို ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု အမည် မဖော်လိုသည့် အကြီးတန်းအရာရှိကြီး တစ်ဦးက မဇ္ဈိမကိုပြောသည်။
မြေယာသိမ်းဆည်းခံ ပြည်သူများနှင့် မျက်မှောက်မြန်မာ့နိုင်ငံရေးကို အကဲခတ် သုံးသပ်နေသူများကမူ တပ်သည် စီးပွားရေးအပြင် လိုအပ်သည်ထက် အခွင့်အရေးယူနေသည်ဟု ခံစားနေကြသည်။
“မိကျောင်းကန်မြေတွေကို သိမ်းစဉ်က လူမဆန်စွာ တပ်ကလုပ်ခဲ့တာ မြေတူးစက်တွေနဲ့ ထိုးခဲ့တယ်။ အဲဒီ မြေတွေဆိုရင်လည်း အခု ၂၃ နှစ်အထိဘာမှမလုပ်ဘဲ ဒီအတိုင်း ကျန်တာတွေ ရှိနေတယ်” ဟု တပ်သိမ်း မြေအတွက် အခွင့်အရေးပြန်ရရန် ခြောက်လကျော်တိုင် ရန်ကုန်မြို့လယ်ခေါင် သပိတ်စခန်းဖွင့် ထိုင်သပိတ်ဖြင့် တောင်းဆိုနေသူ ဒေါ်နေနွယ်သန်းက ပြောသည်။
“တပ်လိုတာကိုဖြည့်ပေးရုံနဲ့ ဆုတ်မယ် ဆိုတာက ယေဘုယျဆန်ပါတယ်။ အခု အနေအထားအရ တပ်ကလုပ်နေတဲ့ ဖူလုံရေးဆိုတာကလည်း လုံလောက်တဲ့ပမာဏထိ ရနေပါပြီ။ လိုအပ်တာထက် ပိုပြည့်နေပါ တယ်” ဟု ဦးသန်းစိုးက ပြောသည်။
“အဓိကတော့ အာဏာနဲ့ ဓနကို မက်မောနေကြတဲ့အတွက် အခုလိုတွေ တပ်ကပါနေတာပါ” ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ကာကွယ်ရေးအသုံး စရိတ်အတွက် ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး ဂျီဒီပီ၏ ၃၅ ရာခိုင်နှုန်းခန့်ကို အသုံးပြုနေပြီး ကျန်းမာရေး၊ ပညာရေးတို့ထက် အဆများစွာ ပိုမိုအသုံးပြုနေခြင်းဖြစ် သည်။
တပ်မတော်သုံးစွဲနေသည့် ဘတ်ဂျက်များကို လျှော့ချမည်ဆိုပါက လျှော့ချနိုင်သည့် အခြေအနေများရှိနေ သည်ဟု ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရဦးတင်ဦး က ပြောသည်။
တပ်က အင်ဂျင်နီယာကျောင်းဆင်းတွေကို အချိန်အကန့်အသတ်နဲ့ တာဝန်ထမ်းဆောင်စေပြီး အရပ်ဘက် ပြန်ခိုင်းရင် သူတို့အတွက်လည်း အကျိုးရှိသလို နိုင်ငံအတွက်လည်း ဘတ်ဂျက်ပေးရတာ လျော့တာပေါ့” ဟု ၎င်းက သုံးသပ်သည်။
တပ်မတော်မှ စီးပွားရေးလုပ်ငန်းများတွင် ဝင်ရောက်ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး သမ္မတ ပြောရေးဆို ခွင့်ရှိသူ ဦးရဲထွဋ်အား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပေ။
မြန်မာတပ်မတော်ကို ပရော်ဖက်ရှင်နယ် အဆင့်မီဖြစ်ရန် အနောက်နိုင်ငံများနှင့် စစ်ရေးဆက်ဆံမှုများရှိရန် လိုအပ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက သုံးသပ်သည်။