တစ်ပြည်နယ်လုံးရှိ ကျေးရွာများ မီးရရှိရေး အစိုးရမှ နှစ်(၃၀) စီမံချက်ရေးဆွဲ

တစ်ပြည်နယ်လုံးရှိ ကျေးရွာများ မီးရရှိရေး အစိုးရမှ နှစ်(၃၀) စီမံချက်ရေးဆွဲ
by -
ကန္တာရဝတီတိုင်း(မ်)

ကယားပြည်နယ်ဝန်ကြီးချူပ်မှ ညွန်ကြားချက် အရ တစ်ပြည်နယ်လုံးရှိ ကျေးရွာများအားလုံး လျှပ်စစ်မီးရရှိရေး အတွက် နှစ်ပေါင်း (၃၀) စီမံချက်ရေးဆွဲထားသည်ဟု ပြည်နယ်လျှပ်စစ်ဝန်ကြီး ဦးစောဟူးဟူးက စက်တင်ဘာလ ၂၄ရက်နေ့တွင် ပြောကြားခဲ့သည်။

“၀န်ကြီးချူပ်ကပဲခင်ဗျားတို့ကျေးရွာတွေ မီးလင်းဖို့အတွက် ဆိုပြီးစီမံချက်ရေးဆိုတော့ ကျနော် နှစ်(၃၀) စီမံကိန်းကိုကျနော်တို့ လျာထားတယ်။ လျာလိုက်တော့ အရင်တုန်းကအဟောင်းတွေလည်း ပြန်ပြင်ရမယ့် ကိစ္စတွေရှိတယ်။ အခုကအကုန်လုံးနီးပါးပါတယ်”ဟု ဝန်ကြီးကပြောသည်။

a-myaunt-tant-roks

မြို့နှင့်အလှမ်းမဝေးသည့် ကျေးရွာများ ကို ၂၀၁၃-၁၄ခုနှစ်တွင် ၄၇ ရွာ လျှပ်စစ်မီး ဖြန့်ဝေနိုင်ခဲ့ကြောင်း၊ လျှပ်စစ်ဓါတ်အားလိုင်း ၂ မိုင်အထက်ရှိသော ကျေးရွာများကို စီမံချက်များ ထပ်မံ ရေးဆွဲထားပြီးဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

“(၂)မိုင်အောက် လိုင်းအောက် ပထမဆုံးဦးစားပေးတယ်။ အရင်နှစ်က (၄၇) ရွာလိုင်းအောက် အားလုံးပြီး သွားပြီ။ နောက်ပြီးမှ အရင်နှစ်ကလိုင်းဘေးမှာရှိတဲ့ (၂)မိုင်ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေအားလုံး (၉၇)ရွာအနေနဲ့ တင်ဒါထဲမှာအောင်သွားပြီ။ အခုပစ္စည်းအားလုံး စပြီးပို့ပြီ။ အခု(၂)မိုင်အထက်ပေ့ါ။ အခုဒီနှစ်စပြီ” ဟု ပြောသည်။

၂၀၁၅- ၂၀၁၆ခုနှစ် မြို့နယ်တိုင်း တပြည်နယ်လုံး အတိုင်းအတာအတွက် မြို့ပေါ်အားလုံးတွင် မီးရရှိရန် ဝန်ကြီးချူပ်မှ ညွန်ကြားထားကြောင်း၊ တပြည်နယ်လုံးအတိုင်းအတာဖြင့် လျှပ်စစ်မီးပေးဝေနိုင်ရန် မြို့နယ် အသီးသီးရှိဓါတ်အားပေးခွဲရုံ (၃၃)အထက်ခွဲရုံကို ပြည်ထောင်စု ဘတ်ဂျက်ဖြင့်လည်းကောင်း၊ (၁၁)ခွဲရုံကို ပြည်နယ်ဘတ်ဂျက်ဖြင့်လည်းကောင်း လုပ်ဆောင်နေကြောင်း သိရသည်။

ထရမ်စဖော်မာ၊ မီတာဘောက်များအတွက် ကုန်ကျသည့်ငွေများအတွက် ပြည်သူများမှ ထည့်ဝင်ပေးရမည်ဟု သိရသည်။ လျှပ်စစ်မီးရသော ကျေးရွာ၄၇ ရွာများတွင် တစ်ရွာလျှင် သိန်းတစ်ရာ (၁၀၀ သိန်း)  ထည့်ပေး ရသည်။

ကယားပြည်နယ်အတွင်းတွင် တစ်ပြည်နယ်လုံး ကျေးရွာစုစုပေါင်း ၆၂၀ ကျော် ရှိပြီး ၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ ၄၇ ရွာကို သာလျှပ်စစ်မီး ဆောင်ရွက်ပေးနိုင်ခဲ့သည်။

လက်ရှိလုပ်ဆောင်နေသောလုပ်ငန်းစဉ်တွင် လတ်တလောအသုံးပြုနေသောကြေးနန်းကြိုး (အလွယ်တကူ ဓါတ်လိုက်နိုင်သော ကြေးနန်းကြိးု) အစား coded cable ကို အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။