ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း အရှိန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးဖွယ် ရှိ

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ထားဝယ် ရေနက်ဆိပ်ကမ်း အရှိန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးဖွယ် ရှိ
by -
ရွှေဟင်္သာ

ထိုင်းနိုင်ငံ၏ အာဏာသိမ်း ဗိုလ်ချုပ်ကြီး အဖြစ်မှ လက်ရှိ ဝန်ကြီးချုပ် ရာထူး ဆက်ခံ ထားတူ မစ္စတာ ပရာ့ယုဒ် ဂျန်းအိုးချာသည် မြန်မာ နိုင်ငံသို့ အောက်တိုဘာ လဆန်း၌ လာရောက်ရန် ရှိပြီး နှောင့်နှေးမှု ဖြစ်နေသည့် “ထားဝယ် ရေနက် ဆိပ်ကမ်း” စီမံကိန်း အရှိန်မြှင့် လုပ်ဆောင်ရန် ဆွေးနွေးဖွယ် ရှိနေကြောင်း စက်တင်ဘာလ (၂၆) ရက်နေ့ထုတ် ဗန်ကောက်ပိုစ့်၏ အင်္ဂလိပ် ဘာသာ အွန်လိုင်း သတင်း၌ ဖော်ပြ ထားသည်။

“ဝန်ကြီးချုပ် အနေနဲ့ ခရီးစဉ် အသေးစိတ် အတိအကျ မထုန်ပြန် ရသေးပေမယ့် လာမယ့် အောက်တိုဘာ လဆန်း လောက်မှာ လာဖို့ စီစဉ် နေပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ် မစ္စတာ ဖိစနု စုဝန်နကျာဒ် အားကိုးကား၍ ဗန်ကောက်ပိုစ့်၌ ဆက်လက် ဖော်ပြ ထားသည်။

KM0

ဤခရီးစဉ်ကို အောက်တိုဘာလ (၇) ရက်နေ့ ခန့်တွင် စတင် ဖွယ်ရာ ရှိနေကြောင်း စစ်ဘက် ဆိုင်ရာ သတင်း အရင်း အမြစ် တစ်ခုအား ကိုးကား၍လည်း ဗန်ကောက်ပိုစ့် သတင်း၌ ဆက်လက် ဖော်ပြ ထားသည်။

ထားဝယ် ရေနက် စီမံကိန်းမှ ဘင်္ဂလား ပင်လယ်အော် ဖြတ်ကျော်၍ ထိုင်းမြန်မာ နှစ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး ဆိုင်ရာ တင်ပို့မှုများကို ပိုမို လုပ်ဆောင် နိုင်ရန် နှစ်ဖက် စလုံးမှ လျာထား ခဲ့ကြသော်လည်း ထိုင်းနိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုများ ဖြစ်ပေါ် လာခဲ့ ပြီးနောက် လုပ်ငန်းများ နှောင့်နှေး ခဲ့ရသည်။

“ဝန်ကြီးချုပ်ရဲ့ နောက်လ မြန်မာကို လာမယ့် ခရီးစဉ် မှာကတော့ ဒီထိုင်းမြန်မာ နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို အားကောင်းအောင် ဂတိကဝတ် ပြုပြီး ဆွေးနွေး နိုင်မယ်လို့ မျှော်လင့် ထားပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံအမတ် ဖိစနု စုဝန်နကျာဒ် အားကိုးကား၍ ဗန်ကောက်ပိုစ့်၌ ဆက်လက် ဖော်ပြ ထားသည်။

၂၀၁၀ ခုနှစ်မှ စ၍ အကောင်အထည် ဖော်ခဲ့သည့် ထားဝယ် ရေနက် အထူး စီးပွားရေးဇုံ စီမံကိန်းသည် ထိုင်းနိုင်ငံ၌ နိုင်ငံရေး အကျပ် အတည်း များကြောင့် လုပ်ငန်း တိုးတက်မှု ယုတ်လျော့ လာခဲ့ကာ ထို့နောက် တဆက်တည်း အာဏာ သိမ်းမှုများ ဖြစ်ပေါ် ခဲ့၍ ရှေ့မတိုးနိုင် ဖြစ်ခဲ့ ရသည်။

မစ္စတာ ပရာယုဒ် ဝန်ကြီးချုပ် အဖြစ် ဦးဆောင်သည့် ကြားဖြတ် အစိုးရ မဖွဲ့မီ အာဏာသိမ်း စစ်ကောင်စီဖြင့် အုပ်ချုပ် နေသည့် သြဂုတ်လ အတွင်း ၌လည်း ဤ စီမံကိန်း ပြန်လည် စတင်ရန် စစ်ကောင်စီမှ သုံးသပ်မှု ပြုလုပ်ခဲ့ပြီး ပြန်လည် စတင်ရန် ဆုံးဖြတ် ခဲ့ကြောင်း ဗန်ကောက်ပိုစ့်၏ သြဂုတ် ၂၁ ရက်နေ့ သတင်းဖော်ပြချက် အရ သိရှိ ရသည်။

ထိုသို့ ရပ်တန့်မှ ဖြစ်နေသည့် ရေနက် ဆိပ်ကမ်း အထူး စီပွားရေးဇုံ စီမံကိန်းကို အလျင်အမြန် ပြန်လည် စတင်ရန် မြန်မာ အစိုးရ ဘက်မှ လိုလား နေကြောင်းလည်း ဗန်ကောက်ပိုစ့်၏ သြဂုတ် ၂၁ ရက်နေ့ သတင်း ဖော်ပြအရ ဆက်လက် သိရှိရသည်။

ဤ စီမံကိန်းသည် ထိုင်းမြန်မာ နှစ်နိုင်ငံမှ ၅၀-၅၀ ရာခိုင်နှုန်းစီ အစုရှယ်ရာ ပိုင်ဆိုင်ထားသည့် စီမံကိန်း ဖြစ်ကာ ရ၅ နှစ်ကြာ အကောင်အထည် ဖော်မည့် နှစ်ရှည် စီမံကိန်း တစ်ခု ဖြစ်သည်။

ထားဝယ်ရေနက် ဆိပ်ကမ်း စီမံကိန်း အတွက် စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၈ သန်း ကုန်ကျမည် ဖြစ်ပြီး ဒေါ်လာ ၈ သန်း ကုန်ကျမည့် ပထမ အဆင့် စီမံ ကိန်းတွင် ရေနက် သင်္ဘော ဆိပ်ကမ်း၊ အဝေးပြေး လမ်းမ ကြီးနှင့် မီးရထားလမ်း ဖောက်သည့် လုပ်ငန်းများ ပါ၀င်သည် ဟုလည်း ဧရာဝတီ သတင်း ဌာန၏ စက်တင်ဘာလ (၁၈) ရက်နေ့တွင် မြန်မာ ဘာသာဖြင့် ရေးသား ထားသည့် သတင်း တစ်ပုဒ်၌ ဖော်ပြ ထားသည်။

အလားတူ ဒေါ်လာ သန်း ၅၀ ကုန်ကျမည့် ဒုတိယ စီမံကိန်းတွင် ရေနံချက် စက်ရုံ၊ စက်မှုဇုန် နယ်မြေများ တည်ဆောက်ခြင်း၊ ရေနံ ဓာတု ဆိုင်ရာ စက်မှု လုပ်ငန်းများ ထူထောင်ခြင်း၊ တည်ဆောက်ခြင်း၊ လျှပ်စစ် စက်ရုံများ တည်ဆောက်ခြင်း၊ စက္ကူနှင့် သံမဏိ လုပ်ငန်းများ တည်ဆောက် ခြင်းတို့ ပါဝင်မည် ဖြစ်သည်ဟု ဆက်လက် ဖော်ပြ ထားသည်။

ပထမ စီမံကိန်းကို ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ် အထိ သတ်မှတ် ထားပြီး ဒုတိယ စီမံကိန်း ကိုမူ ၂၀၁၆ တွင် စတင်မည် ဖြစ်ကာ ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်းသည် စတုရန်းမိုင် ၁၀၀ ခန့်  (၂၅၀ စတုရန်း ကီလိုမီတာ) အကျယ်အဝန်း ရှိကြောင်း ဧရာဝတီ သတင်း၌ ဆက်လက် ဖော်ပြ ထားသည်။

ဤလာရောက်ဖွယ် ရှိသည့် မစ္စတာ ပရာယု၏ ခရီးစဉ်သည် ၎င်းအာဏာ သိမ်းပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ် နေသည့် ပထမဆုံး အကြိမ် ခရီးစဉ်လည်း ဖြစ်သည်။