ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာပါက ဘာသာခြားနိုင်ငံ ဖြစ်သွားမည်ဟူသော စာဖြန့်ဝေမှုဖြင့် ပြည်ခိုင်ဖြိုး စည်းရုံးရေးမှူးအား တရားစွဲဆိုထားခြင်းကို ကာယကံရှင် (ဒေါ်အောင်ဆန်းစုကြည်) ကိုယ်တိုင် လျှောက်ထားခြင်း မဟုတ်၍ဟုဆိုကာ မြို့နယ်တရားရုံးက စက်တင်ဘာ ၂၅ ရက်က ပလပ်လိုက်သည်ဟု ပေါက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးရဲထွန်းဝင်းက ပြောသည်။
ပေါက်မြို့နယ်၊ မြောက်ဖက်ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကို အဆိုပါ ကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌက အသရေဖျက်မှုဖြင့် တရားစွဲခဲ့ခြင်းဖြစ်သည်။
“ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ရိုက်ပုတ်ခတ်တာဖြစ်တဲ့အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တရားစွဲမှ တရားရုံးက လက်ခံမယ်ပြောတယ်” ဟု ၎င်းက ပြောသည်။
အမှုကို သြဂုတ် ၁၈ ရက်တွင် ပေါက်မြို့နယ် တရားရုံးကလက်ခံခဲ့ပြီး သုံးကြိမ်မြောက်ရုံးချိန်းတွင် ယင်းသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ တရားရုံး၏ သီးခြား အတည်ပြုချက်ရရန် မဇ္စျိမက ကြိုးပမ်းသော်လည်းမရပေ။
“အမှန်ဆိုရင် ပထမဆုံး ဦးတိုက်လျှောက်ထားတည်းက ပြောပေါ့ဗျာ” ဟု ဦးရဲထွန်းဝင်းက ဆိုသည်။
တရားစွဲဆိုခံရသည့် ပြည်ခိုင်ဖြိုးစည်းရုံးရေးမှူး ဦးမြင့်ငြိမ်းကမူ ဖွဲ့စည်းပုံပါ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှုများကို ကန့်ကွက်ထားသည့် စာသားများပါ၀င်သော အထုပ်ကို သြဂုတ်လ ၁၀ ရက်က ရွာနှင့် လေးဖာလုံခန့် ဝေးသော ပေါက်မြို့သို့ စျေးဝယ်သွားရာမှ အပြန်၊ မြို့ပတ်လမ်းပေါ်တွင် တွေ့ရှိခဲ့သည်ဟု ဩဂုတ်လ ၁၉ ရက်က မဇ္ဈိမကို ပြောထားသည်။