သံတွဲ ပဋိပက္ခမှ ဖမ်းဆီးထားသူများကို အမြင့်ဆုံး တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်ချမှတ်

သံတွဲ ပဋိပက္ခမှ ဖမ်းဆီးထားသူများကို အမြင့်ဆုံး တစ်သက်တစ်ကျွန်းထိ ထောင်ဒဏ်ချမှတ်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် ပါဝင်သည်ဟု စွပ်စွဲခံရသူ ဆယ်ဦးကို အမြင့်ဆုံးထောင်ဒါဏ် တစ်သက်တစ်ကျွန်းအထိ ချမှတ်လိုက်သည်ဟု သံတွဲခရိုင်တရားရုံးမှ ရှေ့နေတစ်ဦးက စက်တင်ဘာ ၂၅ ရက်တွင် မဇ္စျိမကို ပြောသည်။

၂၀၁၃ ခုနှစ် စတင်ဘာက ဖြစ်ပွားခဲ့သော သံတွဲမြို့ပဋိပက္ခသည် တစ်နှစ်ကျော်အကြာ ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “ဇော်ဇော်ထွန်းလို့ခေါ်တဲ့ ကောင်လေးကို တစ်သက်တစ်ကျွန်း၊ ကျန်တဲ့ ကိုးယောက်ကို ငါးနှစ်စီ ချတယ်” ဟု ခရိုင်တရားရုံးရှေ့နေက ဆိုသည်။

Rakhine-women-3

သံတွဲ ပဋိပက္ခနှင့် စပ်လျဉ်း၍ သံတွဲမြို့ပေါ်အပါအဝင်၊ ပဋိပက္ခဖြစ်ပွားရာ ကျေးရွာများမှ သံသယ ရှိသူ ၅၈ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး နှစ်ဆယ့်သုံးဦးကို စစ်ဆေးတွေ့ရှိချက်အရ အမှုနှင့်သက်ဆိုင်ခြင်းမရှိဟု ဆုံးဖြတ်ကာ ပြန်လည်လွတ်မြောက်လာခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများဖြစ်ပွားပြီး တစ်နှစ်အကြာတွင် သံတွဲမြို့တွင် တစ်ကျော့ပြန်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုကြား ဒုတိယအကြိမ် ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အမိန့်ချမှတ်မှုနှင့် ပတ်သက်၍ လူမှုကွန်ရက်အဖွဲ့ဝင် ဦးနေလင်းက “ပဋိပက္ခတွင်းကတော့ ထိထိရောက် ရောက် မတားဆီးနိုင်ခဲ့ဘူး။ ပြီးတော့မှ တွေ့တဲ့သူကို စွပ်စွဲအရေးလူလိုက်တယ်လို့ယူဆတယ်” ဟု မဇ္စျိမကို ပြောသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာ အတွင်းက ဖြစ်ပွားခဲ့သော သံတွဲ ပဋိပက္ခတွင် နှစ်ဖက်အဖွဲ့အစည်းမှ လူခုနှစ်ဦးသေ ဆုံးခဲ့ပြီး ဘာသာရေးအဆောက်အအုံ သုံးလုံး၊ အိမ်ထောင်စုပေါင်း ၁၁၂ ဦးမီးလောင်ခဲ့ကာ လူဦးရေ ၄၈၇ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သည်။