ကယားပြည်နယ် ရှားတောမြို့နယ်တွင်းရှိ ဖွံ့ဖြိုးရေးအတွက် တည်ဆောက် ပေးနေသည့် လမ်း၊ တံတား ဆောက်လုပ်ရေး လုပ်ငန်းများ အရည်အသွေး ပြည့်မှီမှု မရှိသည့်အတွက် ပြည်နယ်အစိုးရမှ ကြီးကြပ်စစ်ဆေး နိုင်ရေး အတွက် ပြည်နယ်လွှတ်တော်တွင် ဆွေးနွေးရန် တိုက်တွန်းထားသည်ဟု မဲဆန္ဒနယ်အမှတ ်(၇) မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဌေးရယ်က စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြောသည်။
“ပြည်နယ် လွှတ်တော်အနေနဲ့ သတ်မှတ်ထားတဲ့ အရေအချင်း မပြည့်မှီတာတွေကို အစိုးရအနေနဲ့ လွှတ်တော်မှာ ပြန်လည် တင်ပြဆွေးနွေးပြီး ကြပ်ကြပ်မတ်မတ် စိစစ်ပေးဖို့ပါ” ဟု ၎င်းက ပြောသည်။
အစိုးရမှ ချပေးလိုက်သည့် ကျောင်းများ၊ ဆေးရုံ ဆေးပေးခန်းများတွင် သုံးသည့်ပစ္စည်းများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီဌာနမှ ချပေးလိုက်သော စီမံကိန်း ပစ္စည်းများကို ကုမ္မဏီများမှ ဆောင်ရွက်ရာတွင် သတ်မှတ်ရက် အတွင်း မပြီးစီးခြင်း၊ အရေအသွေး မပြည့်မှီခြင်းများ ရှိနေကြောင်း ဦးဌေးရယ် က ပြောသည်။
“ဥပမာ သိန်း ၈၀၀ လောက်ကျတဲ့ တံတားကို အနည်းဆုံးပေးတဲ့ တင်ဒါကို တင်ပြတဲ့ ကုမ္မဏီကို ပေးလိုက်တဲ့ အတွက်ကြောင့် ပေးထားတဲ့ ဘတ်ဂျက် အပြည့်မရတော့ သူတို့က ဘိလပ်မြေ ခိုးမယ်၊ သဲ၊ ကျောက်တွေ ခိုးနိုင် တယ်၊ အဲဒီ အားနည်းချက်တွေ ရှိလာနိုင်တယ်။ ကုမ္မဏီက တည်ဆောက်ထားတဲ့ ကျောင်း တစ်ကျောင်းမှာ ဆိုရင် သတ်မှတ် ကာလအတွင်းမှာပဲ အင်းင်္ဂတေတွေ ပြန်ကွာကျလာတယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စါးလှယ် ဦးဌေးရယ်က ထောက်ပြ ပြောဆိုသည်။
ရှားတောမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် နှစ်ဦးသည် သစ်တော-သတ္တုဝန်ကြီးနှင့် ပြည်နယ် လွှတ်တော် ဒု-ဥက္ကဌအဖြစ် တာဝန် အသီးသီး ယူထားရသဖြင့် ရှားတောမြို့နယ် အတွက် ဖွံ့ဖြိုးရေး စီမံကိန်းများ နှင့် ပတ်သက်၍ အစိုးရမှ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်ရန် လာမည့် သတ္တမ အကြိမ် ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။
“လမ်းတွေက အရင် နှစ်တွေကတည်းက ပြုပြင်သွားတာတွေတော့ ရှိပါတယ်။ လမ်းက ရှေ့ကပြင်သွားတယ်၊ နောက်ကနေ ပြန်ပျက်တယ်။ လမ်းက အရေအသွေး မပြည့်လို့ပဲ။ တကယ် စံချိန်စံညွှန်း တစ်ခု သတ်မှတ်ပြီး သက်ဆိုင်ရာ ဌာနတွေက စစ်ဆေးတဲ့ အဖွဲ့တွေကို သေသေချာချာ လုပ်ခိုင်းသင့်ပါတယ်” ဟု ရှားတောမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေသူ တစ်ဦးက ပြောဆိုသည်။
ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အနေဖြင့် ကျေးရွာအချို့တွင် ရေရရှိ်ရေး စီမံကိန်းများ ပြုလုပ်ပေးခြင်း၊ လမ်းမ ပေါက်သည့် ရွာများအတွက် ဆိုင်ကယ်လမ်းများ ဖောက်လုပ်ပေးခြင်း၊ အချို့ ကျေးရွာများတွင် မူလွန်ကျောင်း များနှင့် အထက်တန်း ကျောင်းခွဲများ ဖွင့်လှစ်ပေးခဲ့ခြင်းတို့သာ ဆောင်ရွက်နိုင်သေးကြောင်း သတင်းရရှိသည်။
ရှားတောမြို့နယ်တွင် လျှပ်စစ်မီး မသွယ်တန်းနိုင်သေးခြင်း၊ ဖုန်းတာဝါတိုင် တည်ဆောက်ရန် အခက်အခဲ ရှိနေခြင်း၊ လမ်းတံတားများ တည်ဆောက်ရန် အခက်အခဲ ရှိနေခြင်းတို့ကြောင့် ၎င်းမြို့နယ်သည် ကယားပြည်နယ်တွင် ဖွံ့ဖြိုးမှု နောက်အကျဆုံး မြို့နယ် ဖြစ်နေသည်။
ဦးဌေးရယ်သည် ပထမအကြိမ် အမျိုးသား လွှတ်တော် (၁၁) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရှားတောမြို့နယ် အတွင်းရှိ လမ်းများ ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်များနှင့် ပတ်သက်၍ မေးခွန်း မေးမြန်း ခဲ့သေးသည်။