ပဲခူးမြို့နယ်တွင် အမှတ်(၁)ခဲယမ်း မီးကျောက်တပ်က သိမ်းဆည်းထားသော မြေဧက ၅,၀၀၀ ကျော်ကို အုတ်တံတိုင်းခတ်လိုက်သဖြင့် သိမ်းဆည်းခံကျေးရွာ ရှစ်ခုသည် အုတ်တံတိုင်း ထဲတွင် ပိတ်မိကာ သွားလာရေးခက်ခဲနေပြီး ကျောင်းသူကျောင်းသားများမှာလည်း တံတိုင်းကိုကျော်ကာ ကျောင်းသို့ သွားလာနေရသည်ဟု ဒေသခံများက မဇ္စျိမကို ပြောသည်။
ထိုသို့ အုတ်တံတိုင်း ကာရံလိုက်ခြင်းကြောင့် အုတ်တံတိုင်းအတွင်း အိမ်ထောင်စု ၈၀ ကျော်ပါ၀င်သွားပြီး ယင်းအိမ်ထောင်စုများမှ ကလေးငယ်များ ကျောင်းသွားပြန် ကိစ္စများ ခက်ခဲနေပြီး ဒေသတွင်း အပြန်အလှန် သွားလာရေးမှာလည်း အခက်အခဲဖြစ်နေသည်ဟု ဒေသခံများကဆိုသည်။
“အုတ်တံတိုင်း ကာလိုက်တဲ့အတွက် စာသင်ကျောင်းက အပြင်ကိုရောက်သွားတယ်၊ ကလေးတွေက အုတ်တံတိုင်းကို လှေကားနဲ့ တက်ပြီး ကျောင်းသွားတက်ရတယ်” ဟု ဒေသခံ ဦးစံရွှေက ဆိုသည်။
အမှတ် (၁) ခဲယမ်းမီးကျောက်တပ်က လက်နက်ခဲယမ်းများ ဖောက်ခွဲရန်၊ သိုလှောင်ရန် ပဲခူးမြို့နယ်တွင် မြေဧက ၅,၈၀၀ ကျော် သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းမြေများကို ၂၀၁၄ ခုနှစ် အစောပိုင်းက သုံးမိုင်ကျော် ရှည်လျားသည့် အုတ်တံတိုင်း ကာရံလိုက်သည်ဟု၎င်းက ပြောသည်။
အုတ်တံတိုင်းအတွင်း ရောက်ရှိသွားသော ကျေးရွာရှစ်ရွာမှာ အလံကွဲ၊ ဂုံမြင်း တန်း၊ ထိခဒို၊ ကျောက်ပုန်း၊ ကျွဲဒညင်းကုန်း၊ မြေနီကုန်းနှင့် ကျင်းစုန်း ကျေးရွာများဖြစ်သည်ဟု ကူညီမှုများပြုလုပ်လျက်ရှိသည့် တောင် သူလယ်သမား သမဂ္ဂအဖွဲ့ဝင် မစုစုနွေးက ဆိုသည်။
“လက်နက်စက်ရုံ ဆောက်ဖို့ ဧကဘယ်လောက်သိမ်းဖို့ ညွှန်ကြားသလဲဆိုတာကို ထုတ်ဖော်ပြောသင့်တယ်။ မဖြစ်မနေ သိမ်းဆည်းရတဲ့ မြေတွေက လူတွေကိုလည်း ဥပဒေနဲ့ ညီညွတ်တဲ့ လျော်ကြေးငွေပြန် ပေးသင့်တယ်” ဟု ၎င်းက ဆိုသည်။
အုတ်တံတိုင်းအတွင်းတွင် ကျရောက်နေသော အိမ်ထောင်စုများမှ ကျောင်းသားများသည် ယခုနှစ်မိုးရာသီ အစက စတင်၍ အုတ်တံတိုင်းကို ၀ါးလှေကားဖြင့် ကျော်ကာ ကျောင်းတက်ခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။
အဆိုပါမြေများကို ၁၉၉၆ ခုနှစ်က စတင်သိမ်းဆည်းခဲ့ပြီး နောက်ပိုင်းတွင် လယ်ယာမြေများကို သီးစားပြန် ချကာ လုပ်ကိုင်စေသည်ဟု ဆိုသည်။
လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုနှင့်ပတ်သက်၍ စက်တင်ဘာ ၂၃ နှင့် ၂၄ ရက်များတွင် ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးမှုများရှိသော်လည်း တိကျစွာ ဆုံးဖြတ်နိုင်ခြင်းမရှိဟု ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမြင့်ဦးက ပြောသည်။
“လွှတ်တော်နဲ့ အစိုးရအဖွဲ့က စစ်တပ်ကို မထိန်းချုပ်နိုင်ဘူး။ သမ္မတညွှန်ကြားပေမယ့် စစ်တပ်က မပေးတဲ့ အတွက် တပ်မတော်မဏ္ဍိုင်ဆိုတာက သပ်သပ်ရှိနေတော့ မြေယာပြဿနာက ဖြေရှင်းနိုင်ဖို့ အတော်ခက်သေး တယ်” ဟု ၎င်းက မဇ္စိမကို ပြောသည်။
တပ်သိမ်းလယ်ယာမြေများနဲ့ ပတ်သက်ပြီး တပ်မတော်အပိုင်းက လုပ်ဆောင်ပေးရန် ရှိပါကအချက်အလက် များကို စုစည်ပြီးတင်ပြပေးရန် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောသည်။
လက်ရှိတွင် တပ်မတော်သည် ပြည်ထောင်စုလွှတ်တော်၏ လယ်ယာမြေ စုံစမ်းရေးကော်မရှင်ပါအတိုင်း ပြန်လည်စွန့်လွှတ် မြေဧက ၃၂,၀၀၀ ကျော်နှင့် ကော်မရှင် တိုင်စာမပါသော်လည်း ပြန်လည်စွန့်လွှတ်မြေက တစ်သိန်း ခုနစ်သောင်းကျော်နှင့် စုစုပေါင်းလယ်မြေဧက နှစ်သိန်းကျော် စွန့်ထားပြီးဟု ဆိုသည်။
“အချို့မြေများမှာ လုံခြံုရေးအရ ပိုမိုသိမ်းဆည်းထားရတဲ့ အပိုင်းစက်ရုံ အလုပ်ရုံများရှိကြောင်း တင်ပြအပ်ပါတယ်။ အချို့ မြေများမှာ အဆောက်အအုံ မဆောက်လုပ်ရသေးသော်လည်း ဘတ်ဂျက်နှစ်အလိုက် ဆောက်လုပ်ရတာ ရှိပါတယ်” ဟု ဗိုလ်ချုပ် ကျော်ညွန့်က ပြောသည်။