စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အခြေစိုက် သတင်းထောက်များကို စအဖက စက်တင်ဘာ ၁၆ ရက်မှ စတင်၍ှ စာရင်းကောက်ယူပြီး နောက်ကြောင်းရာဇာဝင် လိုက်နေသည်ဟု နယ်ခံသတင်းထောက်များက စက်တင်ဘာ ၂၃ ရက်တွင် မဇ္ဈိမကိုပြောသည်။
"ဘာကြောင့်လိုက်နေတယ် ဆိုတာတော့ မသိဘူး။ တစ်ချို့လည်း ပေးလိုက်တယ်။ တစ်ချို့လည်း မပေးလိုက်ဘူး။ အခုလိုကောက်နေတာက အင်ဖော်မာ (သတင်းပေး) တွေက လိုက်လုပ်နေတော့ အဆင်မပြေတာတွေရှိတယ်။ ကျွန်တော်တို့ကတော့ အခုလိုလုပ်မယ် ဆိုလည်း တာဝန်ရှိသူတွေကိုယ်တိုင် လုပ်စေချင်တယ်"ဟု အလွတ်သတင်းထောက် ကိုခိုင်လေးက မဇ္ဈိမ ကိုပြောသည်။
အဆိုပါနာမည်စာရင်များ လိုက်ကောက်ရာတွင် အချို့သတင်းထောက်များမှာ မပြောသဖြင့် စက်တင်ဘာ၁၇ရက် ညပိုင်းတွင် လာရောက် ခြိမ်းခြောက်မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန် မှုများ ရှိခဲ့သည်ဟုလည်း ဆိုသည်။
ကိုယ်ထိလက်ရောက် ကျူးလွန်မှုနှင့် ခြိမ်းခြောက်မှု လုပ်သူကို ဥပဒေအရ တရားစွဲသွားမည်ဖြစ်ပြီး ၎င်းကို အရေးမယူပါက ဆန္ဒပြသွားမည်ဟု ၎င်းက ပြောသည်။
စာရင်းကောက်ခံရာတွင် သတင်းထောက်နာမည်၊ ကိုယ်ရေးအကျဉ်းနှင့် မိသားစုဦးရေ စာရင်းများသာမက မိသားစုဝင်များ၏ ကိုယ်ရေးအကျဉ်းများကိုပါ ကောက်ခံသည်ဟု သိရသည်။
"လုံခြံုရေးအရ ကောက်တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ဆီမှာကလည်း သတင်းတစ်ပုဒ်နှစ်ပုဒ်လောက်ရေးပြီး သတင်းထောက်အမည်ခံတဲ့ သူတွေကလည်း ရှိတယ်။ စုန်းပြူးသတင်းထောက်တွေပေါ့။ အခုလိုလုပ်လိုက် တော့ လူသန့်သွားတာပေါ့"ဟု အထက်မြန်မာနိုင်ငံစာရေးဆရာများအသင်းဗဟို အလုပ်အမှုဆောင်ကော် မတီဝင်၊ အထက်မြန်မာပြည် သတင်းစာဆရာအသင်း ဒုဥက္ကဋ္ဌ "ရှုထောင့်" ကောလင်းမြို့နယ် သတင်းမီဒီယာ ဥက္ကဋ္ဌ ဦးခင်မောင်ညိမ်း (မြန်ဂုဏ်ဆောင်)က မဇ္ဈိမကို ပြောသည်။
အဆိုပါကိစ္စများနှင့် ပတ်သက်၍ ကောလင်းမြို့နယ် စအဖရုံးသို့ဆက်သွယ်မေးမြန်းရာ ကျွန်တော်တို ့သတင်းထောက်စာရင်း ကောက်တာဟုတ်ပါတယ်။ တိုင်းကကောက်ခိုင်းလို့ပါ။ ဘာကြောင့်ကောက်တယ်ဆိုတာ မဖြေနိုင်ပါဘူး။ ကိုယ်ထိလက်ရောက် ကျူးလွန်ခြိမ်းခြောက် တာလည်း မရှိပါဘူး"ဟု တပ်ကြပ်ကြီး တင်ဝင်းထွန်းက ပြန်လည်ဖြေကြားသည်။