ရခိုင်ပြည်နယ် မြေပုံ ဒုက္ခသည် စခန်းတွင် နိုင်ငံသားဖြစ်ခွင့် လျှောက်ထားသူများကို ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် မှတ်ပုံတင်ကဒ်များ မထုတ်ပေးရန် လူဝင်မှုကြည်းကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာသို့ ဒေသခံများက တင်ပြသွားမည်ဟု မြေပုံမြို့ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက မဇ္စျိမကိုပြောသည်။
စက်တင်ဘာ ၂၂ ရက်က ဘင်္ဂလီ ၄၀ ကို နိုင်ငံသားဖြစ်ခွင့်ရသူ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုစေကာ ကမန်တိုင်းရင်းသား အမည်ဖြင့် ပန်းရောင် နိုင်ငံသားကဒ်များ ထုတ်ပေးပြီးဖြစ်သည်။ ယင်း ကျမ်းသစ္စာ ကျိန်ဆိုခြင်းအခမ်းအနားသို့ တက်ရောက်ရန် ရောက်ရှိလာသော ပြည်နယ်ဝန်ကြီးချုပ်ကို ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့သေးသည်။
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၏ ပြောဆိုချက်အရ နိုင်ငံသားဖြစ်ခွင့်ရသူများကို မှတ်ပုံတင်တွင် လူမျိုးအမည် ဘင်္ဂါလီဟုသာ ထည့်သွင်းစေချင်သည်ဟု ဆိုသည်။
မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက “ကမန်လို့ ထုတ်ပေးထားတဲ့သူ အများစုကို လူထုက ပြန်စစ်စေချင်တယ်၊ ပြန်စစ်ရင် ထုတ်ပေးခဲ့တဲ့ သူတွေကို ထိခိုက်မှာစိုးလို့ လျှောက်သမျှကို ကမန်ထုတ်ပေးရင် လျှောက်တဲ့ ဘင်္ဂလီအားလုံး တိုင်းရင်းသားဖြစ်သွားမယ်”ဟု မဇ္စျိမကိုပြောသည်။
မြေပုံမြို့ဒုက္ခသည် စခန်းတွင် ဘင်္ဂလီ ဦးရေ တစ်ထောင်ကျော်ကို စိစစ်ခဲ့ပြီး နိုင်ငံသားပြုခွင့်ရသူ ၁၆၉ ကျန်ရှိသေးကာ ယင်းတို့ကို နိုင်ငံသားအဖြစ် ပြုခွင့်ပေးပါကကမန် တိုင်းရင်းသားအမည်ဖြင့် နိုင်ငံသားဖြစ် ခွင့်မပြုရန် တင်ပြမည်ဟု ဒေသခံများကဆိုသည်။
ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်အကောင်အထည်ဖော်ရန် ဒေသခံများက တောင်းဆိုထားပြီး ရခိုင်ပြည်နယ်၏ ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့်ဥပဒေအရ စိစစ်ရမည်ဟု ရခိုင်ပြည်နယ် စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်အရ အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။