တနင်္သာရီ တိုင်းဒေသကြီး မြိတ်ခရိုင်တွင် ဖြစ်ပွား ခဲ့သည့် စစ်ရေး ပြဿနာ များကို ဖြေရှင်း ပေးရန်နှင့် ဆက်ဆံရေး ရုံးများ ဖွင့်နိုင်ရေး တပ်တည် ထားရှိရေး အတွက် စက်တင်ဘာလ (၂၂) ရက်နေ့တွင် မွန်ပြည်သစ် ပါတီမှ မွန်ပြည်နယ် ဝန်ကြီးချုပ်နှင့် တွေ့ဆုံကာ တဆင့်ခံ တောင်းဆို တင်ပြ ထားကြောင်း အစည်း အဝေးအား ကိုယ်တိုင် တက်ရောက် ခဲ့သည့် မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌနှင့် ဖွံ့ဖြိုးရေးရုံး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး အမ်စိုက်ချမ်း က ပြောသည်။
မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန် က “အဓိက ကျနော်တို့က မြိတ်ခရိုင် ကိစ္စကို အထူးပြုပြီး တင်ပြ ခဲ့တယ်၊ သူတို့ (ပြည်နယ် အစိုးရ အဖွဲ့) ဘက်ကတော့ အထက်ကို တင်ပြ ပေးမယ်လို့ ပြန်ပြော ပါတယ်၊ အစိုးရ အဖွဲ့ အနေနဲ့ သီးခြားတော့ ဘာမှ ပြောတာ မရှိဘူး” ဟု တွေ့ဆုံမှု အပြီး၌ မွန်ပြည်သစ် ပါတီ ဥက္ကဋ္ဌ နိုင်ထောမွန်က ရွှေဟင်္သာသတင်းဌာန၏ တယ်လီဖုန်းမှ တဆင့် မေးမြန်း ချက်ကို ဖြေကြား ခဲ့သည်။
ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်း ကလည်း “ကျွန်တော်တို့ ဥက္ကဌက ဒီ ဘိတ်ဒေသ တွေမှာ ကျွန်တော်တို့ အတွက် ဘယ်လို စဉ်းစား ပေးထား သလဲပေါ့နော်။ ရှေ့လျှောက် ပြဿနာတွေ မဖြစ်ဖို့ဆက်ဆံရေး ရုံးရယ်၊ တပ်တည် ကိစ္စရယ်၊ နောက်ပြီးတော့ ကျဆုံး သွားတဲ့ ရဲဘော် နှစ်ယောက် အတွက်နဲ့ လက်နက်တွေ ကိစ္စကို အဲတာ လေးတော့ သမ္မတကြီး ဆီမှာ တဆင့်ခံ အနေနဲ့တော့ တင်ပြ ပေးပါလို့ အကူညီ တောင်းထားတယ် ခင်ဗျ။ ၀န်ကြီးချုပ် ဦးအုန်းမြင့်က သမ္မတနဲ့ ရင်းနှီးတဲ့ သူဆိုတော့ သူကနေ တဆင့် တင်ပြ သွားဖို့ တောင်းဆို ထားပါတယ်” ဟု ဒု-ဗိုလ်မှူးကြီး အမ်စိုက်ချမ်းက ပြောသည်။
၀န်ကြီးချုပ် ဦးအုန်းမြင့် ဦးဆောင်သည့် မွန်ပြည်နယ် အစိုးရ အဖွဲ့နှင့် ဥက္ကဌ နိုင်ထောမွန် ဦးဆောင်သည့် မွန်ပြည်သစ် ပါတီ အဖွဲ့ တို့သည် စက်တင်ဘာလ (၂၂) ရက်နေ့၌ မွန်ပြည်နယ် အစိုးရ ရုံးခန်းမတွင် တွေ့ဆုံ ခဲ့ရာ၌ မွန်ပြည်သစ် ပါတီဘက်မှ ယခုကဲ့သို့ တင်ပြ တောင်းဆို ခဲ့ခြင်းလည်း ဖြစ်သည်။
ပြီးခဲ့သည် ့၂၀၁၃ ဇူလိုင် လလယ်တွင် ထိုင်းတောင်ပိုင်း ပရာဂျွဇ် ခီရီခန်ခရိုင် မြန်မာပိုင်နက် မြိတ်ခရိုင် ဘုတ်ပြင်း မြို့နယ် အတွင်းရှိ မွန်ပြည်သစ်ပါတီ ဘိတ်ခရိုင် တပ်ဖွဲ့ များ၏ အခြေစိုက် စခန်း ဖြစ်သော သုမင်္ဂလံ ကျေးရွာတွင် တနင်္သာရီတိုင်း ခမောက်ကြီး အခြေစိုက် အမှတ် (၂၀) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ခမရ (၅၈၁) မှ ဗိုလ်ကြီး နေမျိုး ဦးဆောင်သော မြန်မာ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ကာ မွန်ပြည်သစ် ပါတီမှ တပ်သား နှစ်ဦး ကျဆုံး ခဲ့ရကာ လက်နက် များလည်း သိမ်းဆည်းခြင်း ခံခဲ့ရသည်။
ဤတိုက်ခိုက်မှုတွင် တပ်ချင်း မှားယွင်း ပစ်ခတ်မှု တခုဟု ဆိုပြီး မြန်မာ အာဏာပိုင် ဘက်မှ ဖြေရှင်းချက် ပေးခဲ့ သော်လည်း အောက်ခြေ ပါတီဝင် တပ်ဖွဲ့ ခေါင်းဆောင်များ အနေနှင့် ကျေနပ်မှု မရှိ ကြဟု မြိတ်ခရိုင် ဒေသ တပ်မှူး များမှ ပြောသည်။
ဤမြိတ်ခရိုင် ဒေသ အတွင်း မွန်ပြည်သစ် ပါတီ တပ်နှင့် အစိုးရ တပ်တို့အကြား စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့သည့် အကျိုးဆက်နှင့် ပက်သက်၍ မွန်ပြည်သစ်ပါတီဝင် (၅) ဦး ကိုလည်း မရှေး မနှောင်း၌ မြန်မာ အာဏာပိုင် များမှ ဖမ်းဆီး၍ ထောင်ချ ခဲ့ကာ နောက်ပိုင်း၌ သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့် အမိန့်နှင့် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒု-ဗိုလ်မှုးကြီး အမ်စိုက်ချမ်းက ဆက်ပြောသည်။
ဤမြိတ်ခရိုင် ကိစ္စအပြင် မွန်ပြည်နယ် အစိုးရ အဖွဲ့မှ ၎င်းတို့ အကောင်အထည် ဖော်နေသည့် ပြည်နယ် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များ အကြောင်းကို မွန်ပြည်သစ် ပါတီအား ရှင်းလင်း တင်ပြ ခဲ့ကာ၊ ပြည်နယ် အစိုးရ အနေဖြင့် မွန်ပြည်သစ် ပါတီမှ အကောင်အထည် ဖော်နေသည့် မူးယစ်ဆေးဝါး တားဆီး ထိန်းချုပ်ရေး လုပ်ငန်းများကို အသိအမှတ်ပြုကြောင်း ဆက်လက် ဆွေးနွေး ခဲ့သည်။
နှစ်ဖက် တွေ့ဆုံ မှုတွင် နှစ်ဖက်၏ လုပ်ဆောင်ချက် များအား အပြန်အလှန် အသိအမှတ် ပြု၍ ဆွေးနွေး ခဲ့ကြကြောင်း ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်းက ဆိုသည်။
ဤတွေ့ဆုံ ပွဲသို့ မွန်ပြည်နယ် အစိုးရ အဖွဲ့မှ ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်၊ နယ်စပ် ကာကွယ်ရေးနှင့် လုံခြံုရေး ဝန်ကြီး ဗိုလ်မှူးကြီး ဌေးမြင့်အောင်၊ ပြည်နယ် စည်ပင် သာယာရေး ဝန်ကြီး ဒေါက်တာ တိုးတိုးအောင် ၊ ပြည်နယ် အစိုးရ အဖွဲ့ အတွင်းရေးမှူး ဦးဇော်လင်းထွန်းတို့ တက်ရောက်ခဲ့ကြသည်။
မွန်ပြည်သစ်ပါတီဘက်မှ ဥက္ကဌ နိင်ထောမွန် ဦးဆောင်၍ ပြည်တွင်းရေးရာ တာဝန်ခံ ဗဟို အလုပ် အမှုဆောင် ကော်မီတီဝင်် နိုင်ဝင်းလှ၊ ဖွံ့ဖြိုးရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး အမ်စိုက်ချမ်း၊ မော်လမြိုင် ဆက်ဆံရေးရုံး တာဝန်ခံ ဒုတိယ ဗိုလ်မှူးကြီး ခင်အေးတို့ တက်ရောက် ခဲ့ကြသည်။
ပြည်နယ် အစိုးရ အဖွဲ့၏ တုန့်ပြန် ပြောကြား ချက်များ ရရှိရန် အတွက် ရွှေဟင်္သာ သတင်းဌာနမှ အစည်းအဝေး တက်ရောက် ခဲ့သည့် ဗိုလ်မှူးကြီး ဌေးမြင့်အောင်နှင့် ဝန်ကြီး ဒေါက်တာ တိုးတိုးအောင် တို့အား ဆက်သွယ် မေးမြန်း ခဲ့သော်လည်း ဖြေကြားခြင်း မရှိ ခဲ့ပေ။
မွန်ပြည်သစ်ပါတီသည် ၁၉၈၉ ခုနှစ် ခန့်တွင် တနင်္သာရီ တိုင်းဒေသကြီး ဘိတ်ခရိုင်၌ အခြေပြု လှုပ်ရှား လာခဲ့ ပါသည်။ ၁၉၉၅ ခုနှစ် ဇွန်လတွင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး နိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ် ဧပြီ လတွင် နယ်ခြားစောင့်တပ် အသွင် ပြောင်းလဲရေး ကိစ္စနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ပျက်ပြယ် ခဲ့ရသည်။
သို့သော်လည်း ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီ လတွင် ၀န်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး ကော်မီတီ အဖွဲ့နှင့် ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်ကို ဒုတိယ အကြိမ် ထပ်မံ၍ လက်မှတ် ရေးထိုး နိုင်ခဲ့သည်။