မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအတွက် (3MDG) က အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်

မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအတွက် (3MDG) က အမေရိကန်ဒေါ်လာ ၅ သန်းထောက်ပံ့မည်
by -
ကန္တာရဝတီတိုင်း(မ်)

ထောင်စုနှစ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက် သုံးမျိုးရန်ပုံငွေ (3MDG) အဖွဲ့မှ ကယားပြည်နယ် မိခင် နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုအတွက် အမေရိကန်ဒေါ်လာ (၅)သန်း ထောက်ပံ့သွားမည်ဟု 3MDG မှ Billy Stewart က စက်တင်ဘာ (၁၉) နေ့တွင် လွိုင်ကော်ဟိုတယ်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်။

ပြည်နယ်အတွင်းလိုအပ်သည့် ကျန်းမာရေးအပိုင်းများကို စီမံကိန်းရေးဆွဲသွားပြီး ပြည်နယ်အစိုးရ၊ အစိုးရ မဟုတ်သော လူမှုအဖွဲ့အစည်းများနှင့် ပူးတွဲဆောင်ရွက်သွားမည်ဟု သိရသည်။

health-roks

စီမံချက်များကို ကယားပြည်နယ်ရှိ မြိုနယ်(၇)ခုတွင် ဆောင်ရွက်သွားမည်ဖြစ်ပြီးမိခင်နှင့်ကလေးစောင့်ရှောက် မှုဦးရေ (၂၇၀၀၀၀) လွမ်းခြံုမုှ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မိခင်နှင့် ကလေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုသည် ယခင်နှစ်များထက် တိုးတက်မှုများရှိလာသော် လည်း ကျေးလက်ဒေသဘက်များတွင် လိုအပ်ချက်များရှိနေသေးသည်။

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် အချိန်မီဆေးရုံဆေးခန်းသို့ မပို့ ဆောင်နိုင် သည့်အတွက် အခက်အခဲရှိနေသည့် ဒေသဘက်များတွင် ငွေရေးကြေးရေး အဟန့်အတားအခက်အခဲများကို 3MDG မှ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း Billy Stewart က ပြောသည်။

Billy Stewart က “အဓိကကတော့ သူတို့ တကယ်လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုက အရမ်း အရေးတာပေ့ါ။ ဆိုတော့ အဲဒီဟာနဲ့ပတ်သက်ပြီးတော့ အချိန်မှီ ဆေးရုံဆေးခန်း ရောက်ဖို့အတွက် အခက်အခဲတွေ ရှိနေသေးတာကိုတွေ့မြင်ရသေးတယ်။ အထူးသဖြင့်ပေ့ါ ငွေရေးကြေးရေးခရီးစရိတ်ပေ့ါ။ အဲဒါတွေကအတားအဆီးတွေ ဖြစ်နေတယ်ဆိုတာကိုတော့ တွေ့နေရသေးတယ်။ အဲဒါတွေကိုကျနော်တို့ကကူညီပံပိုးပေးချင်တယ်” ဟုပြောသည်။

ထို့ကြောင့် စီမံကိန်းအတွက် အစိုုးရကျန်းမာရေးဌါန၊ အစိုးရမဟုတ်သောအဖွဲ့အစည်း နှင့် NGOs များလည်း များစွာနွေးဆွေးခဲ့ပြီးကြောင်း သိရသည်။

“ဒီလက်လှမ်းမမှီတဲ့ လူနာတွေအတွက်က ကွင်းဆင်းပြီးတော့ ဆောင်ရွက်ပေးမှာပေ့ါ။ ရွာထဲကိုကိုယ်တိုင် သွားပြီးတော့ ကွင်းဆင်းဆောင်ရွက်ပေးဖို့ရှိတယ်။ အဲလိုကွင်းဆင်း ဆောင်ရွက်ပြီးတော့ လိုအပ်တဲ့ လူနာကိုဆေးရုံဆေးခန်း လွှဲပြောင်းပေးဖို့ ဆိုတဲ့ဟာကို လွှဲပေးဖို့ လုပ်မယ့်စီမံကိန်းတွေမှာဆောင်ရွက် ဖို့ရှိပါတယ်” ဟု ပြောသည်။

3MDG သည် မြန်မာနိုင်ငံတွင် မွေးကင်းစကလေး၊ မိခင်နှင့် ကလေးကျန်းမာရေး စောင့်ရှောက်မှုအတွက် အကြီးဆုံးရန်ပုံငွေ အဖွဲ့အစည်း ဖြစ်ပြီးကလေးသေနှုန်းကို လျော့ချရန်၊ မိခင်များကျန်းမာရေး တိုးတက် ကောင်းမွန်ရန်၊ ခုခံအားကျဆင်းမှုရောဂါ၊ တီဘီရောဂါနှင့် ဌက်ဖျားရောဂါများကိုတိုက်ဖျက်ရန်အဓိကရည် ရွယ်ချက်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေး ၀န်ကြီးဌါန နှင့် 3MDG တို့ ပူးတွဲပါ၀င်သည့် အဆိုပြုလွှာ အကဲဖြတ်စိစစ်ရေး အဖွဲ့သည် ကယားပြည်နယ်ရှိ မြို့နယ်(၇) ခုတွင် မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရန် ကျန်းမာရေးဝန်ကြီးဌါန၊ ပြည်နယ်ကျန်းမာရေးဌါန၊ မြို့နယ် ကျန်းမာရေးဌါန နှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများကို ကူညီထောက်ပံ့ရန်အတွက် International Rescue Committee (IRC) ကို ၂၀၁၄ခုနှစ် ဇွန်လက ရွေးချယ်ခဲ့ေကြောင်း သိရသည်။