မွန်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည့် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့မှမြို့ခံ ခြောက်ဦးအနက် နှစ်ဦးမှာ စက်တင်ဘာ ၂၀ ရက်က ပြန်လည်လွတ်မြောက် လာပြီ ဖြစ်သည်ဟု လွတ်မြောက်လာသူနှင့် ဆွေမျိုးတော်စပ်သူများက ပြောသည်။
ဖမ်းဆီးသွားသူ ခြောက်ဦးအနက်မှ အသက်အရွယ်ကြီးသူဖြစ်သည့် နိုင်ယီးနှင့် နို့စို့အရွယ် ကလေးမိခင် မိ၀င်းတီ တို့ကို စက်တင်ဘာလ ၂၀ ရက်တွင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ကျောက်ကဒင် ကျေးရွာအနီးတွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း အဆိုပါ ဆွေမျိုးကဆိုသည်။
၎င်းတို့ကို စက်တင်ဘာလ ၁၉ ရက် ည ၈နာရီခန့်တွင် ခေါဇာမြို့ ဘုန်းတော်ကြီးကျောင်း၌ ဆွမ်းတော်ကြီး လောင်းလှူရန် ချက်ပြုတ်ပြင်ဆင်နေစဉ် နိုင်ဆောင်း ဦးဆောင်သည့် မွန်လက်နက် ကိုင်အဖွဲ့မှ အင်အား ၁၀ ဦးခန့်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။
၎င်းတို့၏ ဆွေမျိုးတစ်ဦးက “ဖမ်းသွားတဲ့အချိန်မှာ ဝင်းတီမှာ လသားအရွယ် နို့စို့ကလေးတစ်ယောက် ကျန်ခဲ့ တယ်။ ကလေးကို နို့တိုက်ရမယ့်အချိန် ရောက်ရင် နို့တွေ တအားတင်းလာတော့ မခံနိုင်လို့ ငိုရတယ်။ ဒါ့ကြောင့် သူတို့ ပြန်လွှတ်ပေးလိုက်တာ” ဟု ပြောသည်။
အဖမ်းခံရသူများမှာ နိုင်ယီး (၆၀ နှစ်ကျော်)၊ နိုင်ရွှေ (၅၀ နှစ်ဝန်းကျင်)၊ မိချယ်ရီ (၄၇ နှစ်)၊ နိုင်မြင့် (၄၇ နှစ် ၀န်းကျင်)၊ ကိုဗလိုင် (၃၀ နှစ်ဝန်းကျင်)၊ မိ၀င်းတီ (၃၀ နှစ်ဝန်းကျင်)တို့ ဖြစ်ပြီး ကိုဗလိုင်နှင့် မိ၀င်းတီတို့မှာ ဇနီးမောင်နှံများ ဖြစ်ကြသည်။
ပြန်ပေးဆွဲ ဖမ်းဆီးသွားခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောကြသော်လည်း ပြန်လည်လွတ်မြောက်လာသူ များကမူ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာ မြို့နယ်ခွဲတွင် နိုင်ဆောင်း၊ နိုင်ချမ်းဒိန်း နှင့် နိုင်လွန် ဦးဆောင်သည့် မွန် လက်နက်ကိုင်အဖွဲ့ငယ်များ လှုပ်ရှားလျက်ရှိပြီး ဒေသခံများကို ဖမ်းဆီးကာငွေ ကြေးတောင်းခံခြင်းများ ပြု လေ့ရှိသည်။
ရေးမြို့ တောင်ဘက် ၂၄ မိုင် အကွာတွင် တည်ရှိသည့် ခေါဇာမြို့ သည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် ကျေးရွာအဆင့်မှ မြို့နယ်ခွဲအဆင့်သို့ တိုးမြှင့်သတ်မှတ်ခံရပြီး ရဲစခန်းနှင့် အခြားမြို့နယ်အဆင့် ရုံးများအ ပြင် မြို့နှင့် ကပ်လျက်တွင် ခလရ ၃၁ တပ်ရင်းရှိသည်။