ဒုတိယအကြိမ်မြောက်ကျင်းပသည့် အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်တွင် အမျိုးသမီး ငြိမ်းချမ်းရေးဆုကို ကရင်အမျိုးသား အစည်းအရုံး(KNU) ဒုတိယ ဥက္ကဋ္ဌ နော်စီဖိုးရာစိန်နှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် စောမြရာဇာလင်းတို့ကို အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မတိုင်မီ တစ်ရက်အလို စက်တင်ဘာ ၂၀ရက်တွင် အမျိုးသမီး ဖိုရမ်၌ ပေးအပ်ခဲ့သည်။
အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို စက်တင်ဘာ ၁၉ ရက်မှ ၂၀ ရက် အထိ Excel Tower Hotel တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အမျိုးသမီးငြိမ်းချမ်းရေးဆုရရှိခဲ့သည့် ဒေါ်စောမြရာဇာလင်းက" ကျွန်မတစ်ယောက်တည်း အတွက် မဟုတ်ဘဲ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအတွက် ပေးတာလို့ခံယူပါတယ်။"ဟုဆိုသည်။
အမျိုးသမီးငြိမ်းချမ်းရေးဆု ရရှိခဲ့သည့် နော်စီဖိုးရာစိန် ကိုယ်စား အမျိုးသမီး ကိုယ်စားလှယ်တစ်ဦးက ဆုလက်ခံယူပြီး ၎င်း၏ ကျေးဇူးတင်လွှာအား ဖတ်ကြားခဲ့သည်။ အဆိုပါကျေးဇူးတင်လွှာ၌ အမျိုးသားများသည် စစ်ကိုဖန်တီးသူတွေဖြစ်ကာ အမျိုးသမီးများသည် ငြိမ်းချမ်းရေးကို နိုင်ငံ၊ မိသားစုနှင့် လူ့အသိုင်းအဝိုင်းတစ်ခုလုံး အတွက် ဖန်တီးသူများဖြစ်သည် ဟုဖော်ပြပါရှိသည်။
ယင်းအပြင် အဆိုပါဖိုရမ်တွင် နိုင်ငံရေးအကျဉ်းသားဟောင်း(နိုင်/ကျဉ်း) အမျိုးသမီးလေးဦးကိုလည်း ဂုဏ်ပြုဆုများပေးအပ်ခဲ့သည်။ ယင်းအမျိုးသမီးများသည် ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့သည့် အမျိုးသမီးဖိုရမ်မှ တစ်ဆင့် လွတ်မြောက်ခွင့်ရရှိရေး လက်မှတ်ရေးထိုး တောင်းဆိုရာမှ လွတ်မြောက်လာသူများဖြစ်သည့် လက်ပံတောင်းကြေးနီစီမံကိန်း ရပ်ဆိုင်းရေး ဆန္ဒပြခဲ့သူနော်အုန်းလှ၊ မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင် ကွန်ယက် ကွန်ယက်ရေးရာ တာဝန်ခံဒေါ်မြင့်မြင့်အေး၊ NDF ပါတီမှ ဒေါ်ဘောက်ဂျာ၊ နိုင်ငံရေးအကျဉ်းသား မိသားစုများအကျိုးဆောင်ကွန်ရက်မှ ဒေါ်ခင်မိမိခိုင်တို့ဖြစ်သည်။
ဂုဏ်ပြုဆု ရရှိခဲ့သည့် ဒေါ်ခင်မိမိခိုင်က " ကျွန်မတို့ ပြန်လည်လွတ်မြောက်လာတာထက် ငြိမ်းချမ်းရေးဆောင် ရွက်တဲ့ ညီအမတွေရဲ့ သွေးစည်းမှုကို ပြနိုင်ခဲ့တာကို ဂုဏ်ယူမိပါတယ်" ဟု ပြောသည်။
အမျိုးသမီးငြိမ်းချမ်းရေးဖိုရမ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများအဖွဲ့ချုပ်(WLB)နှင့် အမျိုးသမီးအဖွဲ့များ ကွန်ရက်(WON)တို့မှ ဦးစီး၍ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ်ကျင်းပခဲဲ့ခြင်းဖြစ် သည်။
ယင်းဖိုရမ်တွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသားနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်ရာတွင် ပါဝင်သည်ဟုဆိုကာ မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသူ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် မဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန်အတွက် နိုင်ငံတစ်ဝန်းလုံးမှ အမျိုးသမီးအဖွဲ့ပေါင်း ၁၂၀ကျော်မှ တက်ရောက်လာသူ အမျိုးသမီး ကိုယ်စားလှယ် သုံးရာခန့်က လက်မှတ်ရေးထိုး တောင်းဆိုခဲ့ကြသေးသည်။
ယင်းလက်မှတ်များအား နိုင်ငံတော်သမ္မတထံ တိုက်ရိုက်ပေးပို့၍ မဖြူနှင်းထွေး လွတ်ငြိမ်းခွင့်ရရန်အတွက် တောင်းဆိုသွားမည်ဟု အမျိုးသမီးအဖွဲ့များကွန်ရက်မှ ပြောကြားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ ့ (စက်တင်ဘာ ၂၁ ရက်)နံနက်ပိုင်းတွင်မူ အဆိုပါ ဖိုရမ်မှ အမျိုးသမီး အဖွဲ့များ၏ တင်ပြဆွေးနွေးချက်များအပေါ် အခြေခံ၍ ကြေညာချက် တစ်စောင်ထုတ်ပြန် မည်ဖြစ်သည်။ ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့တွင် စုပေါင်းလမ်းလျှောက်ခြင်း၊ ငြိမ်းချမ်းရေးမိုးပျံပူဖောင်းများ လွှတ်ခြင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် အသံများကို ကြွေးကြော်ခြင်း စသော လှုပ်ရှားမှုများအပြင် ကန်တော်ကြီးပန်းဥယျာဉ်တွင် စင်တင်တေးဂီတ ဖျော်ဖြေခြင်းလည်း ပြုလုပ်မည်ဖြစ်သည်။