မြန်မာနိုင်ငံ ကျန်းမာရေးလောကအတွက် အလှည့်အပြောင်းတစ်ရပ်အဖြစ် ဆေးရုံတက်လျှင် တစ်ရက် ကျပ် ၁၀,၀၀၀ ထောက်ပံ့မည့် ကျန်းမာရေးအာမခံစနစ်ကို ၂၀၁၅ ခုနှစ်ဆန်းတွင် စတင်ကျင့်သုံးနိုင်ရန် စီစဉ်လျက်ရှိသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက စက်တင်ဘာ ၁၉ရက်က ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး ပြောသည်။
၎င်းက "မှန်းထားတာကတော့ ၂၀၁၅ ဇန်နဝါရီ၊ ဖေဖော်ဝါရီ နောက်ဆုံး ဧပြီလလောက် နောက်ဆုံးထားစဖြစ် မယ်’’ ဟု မဇ္စျိမ၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။
ကျန်းမာရေးစောင့်ရှောက်မှုသည် ကျယ်ပြန့်သည့်လုပ်ငန်းဖြစ်သဖြင့် အာမခံလုပ်ငန်းအနေဖြင့် တစ်တပ်တစ်အား ပါဝင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
၎င်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသည့် ကော်မတီသည် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ ဆေးပညာရှင်များ၊ ပုဂလိက အာမခံကုမ္ပဏီများမှ ကိုယ်စားလှယ်စသူတို့နှင့် ဆွေးနွေးမှုများပြုလုပ်နေသည်ဟုလည်း ဆိုသည်။
ထို့ပြင်ပြည်ပမှ မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ထားသည့် အာမခံကုမဏီများမှ ပညာရှင်များကိုလည်း အကြံပေး အဖြစ် ဆောင်ရွက်စေသည်ဟုလည်း ၎င်းက ပြောသည်။
ကျန်းမာရေးအာမခံစနစ်အသက်ဝင်လာပါက အာမခံဝယ်ယူထားသူသည် ဆေးရုံတက်ပါက တစ်ရက်လျှင် ၁၀,၀၀၀ကျပ်၊ ခွဲစိတ်ရခြင်းများရှိပါက ဆေးရုံတက်ခအပြင် ခွဲစိတ်ကုန်ကျစရိတ်၊ ထိခိုက်မှုဖြစ်ပါကလည်း ဆေးရုံတက်စရိတ်အပြင် ထိခိုက်မှုစရိတ်ပါရရှိမည်ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကျန်းမာရေးအာမခံစနစ်ထားရန် လူထုက တောင်းဆိုမှုရှိသော်လည်း အောင်မြင်၊ မအောင်မြင်မှာမူ တကယ်လက်တွေ့ကျင့်သုံးကြည့်မှသာ သိနိုင်မည်ဟု ၎င်းက ပြောသည်။
၎င်းက "ကျွန်တော်တို့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာ အရင်စမ်းကြည့်မယ်၊ အဲဒီပေါ်မူတည်ပြီးတော့ ဆက်လုပ်ကြမယ်’’ ဟု ပြောသည်။
ကျန်းမာရေးအာမခံစနစ်စတင်ပါက လူတန်းစားအလွှာစုံအာမခံထားနိုင်သည့် ပရီမီယံကြေးသာ သတ်မှတ်မည်ဟု ပြောဆိုခဲ့သော်လည်း အတိအကျ မသတ်မှတ်ရသေးဟု ၎င်းက ပြောသည်။