(ဖဆပလ) ခေတ်က လူတစ်ကိုယ်တိုက်တစ်လုံး၊ ကားတစ်စီး၊ ဝင်ငွေ ၈၀၀ကျပ်ဖြစ်စေရမယ့် ဆိုတဲ့ “ပြည်တော်သာစီမံကိန်း” ဆိုတာလည်း သွားလေသူ ဝန်ကြီးချုပ်ဟောင်းဦးနု ပြောခဲ့သလို ခြတောထဲ ချထားခံရတဲ့ ထင်းရှူးသေတ္တာပုံးဖြစ်ခဲ့ရတယ်။ ပြည် သူတွေဘဝက ဒုံရင်းဒုံရင်းပဲ။
ဗိုလ်နေဝင်းစစ်အုပ်စု အာဏာသိမ်းပြီးတဲ့နောက် လူလူချင်းအမြတ်ထုတ် သွေးစုတ်ချယ်လှယ်ခြင်းမှ ကင်းရာလွတ်ရာ “ဆိုရှယ် လစ် လောကသစ်” ဆိုတာလည်း တိုင်းပြည်နဲ့လူထုက အဆင်းရဲဆုံးနိုင်ငံ (Least Developed Country-LDC) နွံထဲနစ်သွားခဲ့ရ ပြီး (မဆလ) ထိပ်သီးဗိုလ်နေဝင်းနဲ့ လက်တစ်ဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ကုဋေကြွယ်သူဌေးကြီးတွေ ဖြစ်လာခဲ့တယ်။
ဗိုလ်စောမောင် – ဗိုလ်သန်းရွှေတို့ရဲ့ (နဝတ-နအဖ) စစ်အုပ်စုလက်ထက်မှာတော့ တိုင်းပြည်နဲ့လူထုဟာ ဗိုလ်နေဝင်းနဲ့ (မဆလ) တို့ ဆွဲနှစ်ချထားခဲ့တဲ့ (LDC) ဘဝနွံထဲကနေ ရုန်းမထွက်နိုင်ခဲ့တဲ့အပြင် ဖွတ်သထက်ညစ်ဆိုတာလို လဲရာသူခိုးထောင်းတာ ခံခဲ့ ကြပါတယ်။ ဗိုလ်သန်းရွှေစစ်အုပ်စုခေတ် စစ်ဗိုလ်တွေရဲ့ ချမ်းသာကြွယ်ဝမှုဆိုတာ ဗိုလ်နေဝင်းနဲ့ စစ်ဗိုလ်လက်တစ်ဆုပ်စာရဲ့ ကြွယ်ဝမှုထက် အဆပေါင်းရာထောင်မက ချမ်းသာကြွယ်ဝလာခြင်းဖြစ်တယ်။ (နဝတ-နအဖ)စစ်အုပ်စုခေတ် စစ်ဗိုလ်များရဲ့ ချမ်း သာကြွယ်ဝမှုဆိုတာ (မဆလ)ခေတ်ကလို တီးတိုးပြောဆိုကြရတဲ့ ပိုင်ဆိုင်မှုမျိုးမဟုတ်ဘူး။ လက်ညှိုးထိုးမလွဲတဲ့ ဗြောင်အကျ ဆုံး ပိုင်ဆိုင်မှုတွေ ကိုယ်စီနဲ့ ဖြစ်တယ်။
ဒါကြောင့် ယနေ့ခေတ်ကာလရဲ့ အမြင်သာဆုံးဖြစ်ရပ် ၂ခုကို တဆိတ် လက်ညှိုးထိုးပြစမ်းပါဆိုရင် ထိပ်သီးစစ်ဗိုလ်ကြီးတွေနဲ့ သားသမီးတွေရဲ့ ကျိကျိတက် ကြွယ်ဝချမ်းသာမှုနဲ့ တိုင်းပြည်နဲ့လူထုရဲ့ “အမွဲတကာ့ထွတ်ခေါင်၊ ဖွတ်မင်းနောင်မှာ ပြာတောင်ကြီး ပေါက်ကရော့”လို့ဆိုတဲ့ ပြောင်မြောက်အောင်မွဲတဲ့ ဆင်းရဲမွဲတေမှုတို့ပဲ ဖြစ်ပါတယ်။
စစ်အုပ်စုစစ်ဗိုလ်တွေမှာ စီးပွားရှာတတ်တဲ့ ပညာနဲ့ အရည်အချင်းမရှိပါဘူး။ ဒီပညာကို သူတို့ စစ်ကျောင်းမှာ သင်မပေးပါဘူး။ ဒါပေမယ့် သိမ်းပိုက်ရေးနဲ့ လုယက်ရေးကိုတော့ တစ်ဖက်ကမ်းခတ် တတ်မြောက်သူတွေဖြစ်တယ်။ သိမ်းပိုက်လုယက်မှုနဲ့ သူတို့ အခုလို အဆမတန် ကြွယ်ဝချမ်းသာလာခဲ့ကြတာပါ။ “ပြည်တွင်းစစ်”ဆိုတာ သူတို့အတွက် အဓိက ငွေတွင်းကြီး၊ စားပေါက်ကြီး ဖြစ်ပါတယ်။
“အာဏာ”ဆိုတာ သူတို့အတွက် အရာရာကို ဖြစ်စေနိုင်ခဲ့တာပဲ။ ကိုင်ထားတဲ့ “အာဏာ”နဲ့ အရာရာကို ပိုင်ဆိုင်စေစားနိုင်ခဲ့ကြပြီး အရာရာကိုလည်း အာဏာနဲ့ ထိန်းသိမ်းတည်မြဲစေနိုင်ခဲ့တယ်။ အဲဒီလိုနည်း၊ အဲဒီလိုအာဏာနဲ့ ပိုင်ဆိုင်လာသမျှကို သားစဉ်မြေး ဆက် ခိုင်မြဲတည်တ့ံတိုးပွားအောင် တိုးချဲ့လုပ်ကိုင်နေကြခြင်းလည်း ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က “ဘတ်ဂျက်ကို ပွဲစျေးတန်း ဆီးသီး(ဇီးသီး) ဗန်းမှောက်ကျလို့ ဟိုလူနှိုက်စားနေ၊ ဒီလူနှိုက်စားနဲ့ တစ်ဝက်ပဲ ကျန်တယ်”လို့ ပြောပါတယ်။
ဒီနေရာမှာ ပထမဆုံးမေးချင်တဲ့ မေးခွန်းက ဇီးသီးနှိုက်စားသူတွေထဲ ဦးခင်အောင်မြင့် မပါဝင်ဘူးလား။ (နဝတ-နအဖ) စစ်အစိုးရ ခေတ်ဆိုတာ တစ်ခေတ်လုံး ဇီးသီးဗန်းကြီး မှောက်ချထားတဲ့ခေတ် ဖြစ်ပါတယ်။ ပြီးတော့ ဦးခင်အောင်မြင့်ဟာ (နဝတ-နအဖ) စစ်အစိုးရခေတ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဝန်ကြီးလုပ်လာခဲ့သူပါ။
ဘတ်ဂျက်ဇီးသီးဗန်းတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန ဘတ်ဂျက်ဇီးသီးဗန်းက အကြီးဆုံးနဲ့ အများဆုံးဖြစ်မှာပေါ့။ အဲဒီဗန်း ကြီးကိုရော အခုလို ဟိုလူနှိုက်စား၊ ဒီလူနှိုက်စားကြတာပဲလား။
ဒီတော့ ဒီနေရာမှာ နဲနဲထပ်ပြီး အသေးစိတ်မေးရမယ့်မေးခွန်းက ဘယ်သူတွေက အကုန်လုံး မောင်ပိုင်စီးပြီး သိမ်းကြံုးနှိုက်စား သလဲ။ ဘယ်သူတွေက တစ်ပိုင်တစ်နိုင်၊ တစ်လုပ်၊ တစ်ဆုတ် နှိုက်စားကြသလဲဆိုတာ တိတိကျကျ၊ မှန်မှန်ကန်ကန် ဖော်ထုတ် ပြောပြမယ်ဆိုရင် တိုင်းပြည်နဲ့လူထုက အမှန်ပဲ စိတ်ဝင်စားပါလိမ့်မယ်။ ကြက်ဆူပင်စီမံကိန်းဆိုတဲ့ ဇီးသီးဗန်းကြီးကိုရော ဘယ် သူတွေ နှိုက်စားခဲ့ကြသလဲ။ မြန်မာ့ဦးပိုင်လီမီတက် (UMEH)ဆိုတဲ့ ဇီးသီးဗန်းကြီးကတော့ ကာလသားများနဲ့ လားလားမှမထိုက် တဲ့ မင်းကြိုက်စိုးကြိုက်၊ လက်ရွေးစင် ထိပ်သီးတစ်သိုက်သာ နှိုက်စားခွင့်ရှိတဲ့ ဇီးသီးဗန်းကြီးပဲ မဟုတ်ပါလား။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးအနေနဲ့ ဟိုလူတစ်ဆုပ် ဒီလူတစ်ဆုပ်နှိုက်စားနေတာကိုပဲပြောပြီး တစ်ဗန်းလုံးတစ်ယောက်ထဲ၊ တစ်ဦးတည်းပိုင်စားနေတာကို ထောက်ပြပြောဆိုခြင်း မပြုဘူးဆိုရင်တော့ တစ်ဖက်က တာဝန်ပျက်ကွက်ခြင်းဖြစ်ပြီး အခြားတစ် ဖက်မှာတော့ “ခေါင်မိုးထိပ်က အကောင်ကြီးတွေ အပိုင်စားနေတာကိုတော့ ဖုံးဖိကာကွယ်ပေးထား”ပြီး “တံစက်မြိတ် အစွန်အ ဖျားက အကောင်ငယ်လေးတွေ စားတာကိုပဲ ယိုးမယ်ဖွဲ့နေတယ်။ ရမယ်ရှာ အမှုလုပ်နေတယ်”ဆိုတဲ့အချက်ဟာ လွှတ်တော်စင် မြင့်ထက်မှာ “ကျိုင်း” ထမ်းလမ်းလျှောက်သလို ပေါ်လွင်ထင်ရှားနေပါတယ်။
တကယ်တော့ (နဝတ-နအဖ) စစ်အစိုးရက ခေတ်ကာလဆိုတာ စစ်ဗိုလ်တွေ “ဇီးသီး” စိတ်ကြိုက်စားတော်ခေါ်ခဲ့ကြတဲ့၊ ဝါးခဲ့ကြ တဲ့ ခေတ်အခါသမယကြီး ဖြစ်ပါတယ်။ သမ္မတကြီးဦးသိန်းစိန်ရဲ့ ကြံ့ဖွံ့အစိုးရခေတ်ကာလမှာလည်း စစ်ဗိုလ်တွေ အရပ်ဝတ် ပြောင်းပြီး “ဇီးသီး” စားနေ၊ ဝါးနေကြဆဲပါပဲ။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရက ၃နှစ်တာကာလလေးကိုကွက်ပြီး ဇီးသီးလေးတစ် လုတ်၊ တစ်ဆုပ်စားနေတာကို ထောက်ကွက်လုပ်ပြီး ပြောနေတာကဖြင့် လူပြိန်းနည်းနဲ့ ကိုယ့်ကိုယ်ကို အစွံထုတ်နေရော့သလား။ အူကြောင်ကြောင် ပေါချာချာ အပြောအဟောတွေနဲ့ ပေါ်ပြူလာဖြစ်အောင် ဟောပြောနေတဲ့ မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ် အမှတ်(၁၂)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးကိုများ အတုယူနေရော့သလား။ ရန်ကုန်တိုင်းဒေသကြီးအတွင်းက “မြို့ သစ်စီမံကိန်း” ဆိုတာကြီးကတော့ အတိုင်းအတာမသေးလှတဲ့ ဇီးသီးဗန်းကြီးဖြစ်ပါတယ်။ ဒီဇီးသီးဗန်းကြီးကို “ဝါးစေ- ဝေစားကြ” ဖို့ ကြံစည်တာကိုလည်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဘယ်လိုများ အမိန့်ရှိချင်ပါသလဲ။
တကယ်တော့ တိုင်းပြည်ပိုင်၊ ပြည်သူပိုင် သယံဇာတတွေနဲ့ ပြည်သူတွေရဲ့ လုပ်အားတွေဆိုတာဟာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ကြီးပြောနေတဲ့“ဇီးသီးတွေ”ဖြစ်ပါတယ်။ အဲဒီ“ဇီးသီးတွေ”ကို မောင်ပိုင်းစီး၊ ခေါင်းပုံဖြတ်၊ သွေးစုတ်လုယက်နေသူတွေဟာ အ ဆက်ဆက်သော အုပ်စိုးသူအစိုးရတွေနဲ့ သူတို့ရဲ့ မိုက်ဖော်ဆိုးဖက် နောက်တော်ပါ ခမည်းခမက်ခရိုနီတစ်အုပ်သာ ဖြစ်ပါတယ်။
(ဖဆပလ)အစိုးရ၊ (မဆလ)အစိုးရ၊ (နဝတ-နအဖ)အစိုးရနဲ့ လက်ရှိသမ္မတ ဦးသိန်းစိန်ကြံ့ဖွံ့အစိုးရ အပါအဝင် ဘယ်ခေတ်၊ ဘယ်ကာလမှာမဆို အုပ်စိုးသူတွေသာ ချမ်းသာသည်ထက် ချမ်းသာကြွယ်ဝလာကြပြီး တိုင်းပြည်နဲ့ ပြည်သူလူထုကတော့ ဆင်း ရဲတွင်း နက်သည်ထက် နက်ရှိုင်းသွားတယ်၊ နက်ရှိုင်းလာတယ် ဆိုတဲ့အချက်ဟာ ဘယ်လိုမှဖုံးကွယ်မရဘဲ အထင်အရှား သက် သေခံနေပါတယ်။
ဒါကြောင့် တစ်လုံးစားလည်း ဇီးသီး၊ တစ်ဆုပ်စားလည်း ဇီးသီး၊ တစ်ဗန်းလုံးစားလည်း ဇီးသီးဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး အပါအဝင် တချိန်က (နဝတ-နအဖ)ထိပ်သီးစစ်ဗိုလ်ကြီးတွေ၊ ယခုလက်ရှိကြံ့ဖွံ့အစိုးရမှာ ပါဝင်နေကြသူတွေထဲမှာ ဇီး သီး (လုံးဝ) မစားဖူးသူ ရှိနိုင်ပါ့မလား။
“ဇီးသီး” ဆိုသော ဓနဥစ္စာသည် “အာဏာ”တည်းဟူသော သည်းခြေကို တည်ငြိမ်စေနိုင်တယ် မဟုတ်ပါလား။
ညွန်း -ဘတ်ဂျတ်ကို ဇီးသီးမှတ်လို့ နှိုက်စားနေကြတာလား။ The Voice ၊ ၁၆ စက်တင်ဘာ ၂၀၁၄၊ အင်္ဂါနေ့