၈၈ မျိုးဆက်ရခိုင်ကျောင်းသားဟောင်းများ ညီလာခံ ကျောက်ဖြူတွင် စက်တင်ဘာ ၂၀ နေ့စတင်မည်

၈၈ မျိုးဆက်ရခိုင်ကျောင်းသားဟောင်းများ ညီလာခံ ကျောက်ဖြူတွင် စက်တင်ဘာ ၂၀ နေ့စတင်မည်
by -
နိရဥ္စရာ

၈၈- မျိုးဆက် ရခို်င်ကျောင်းသားဟောင်းများညီလာခံကို ကျောက်ဖြူမြို့တွင် စက်တင်္ဘာလ ၂၀ရက် စနေနေ့တွင် စတင် ကျင်းပ ပြုလုပ် သွားမည်ဟုသိရသည်။

၎င်းညီလာခံအား “၈၈ မျိုးဆက်များလူမှုဖွံ့ဖြိုး ရေးအဖွဲ့(ရခိုင်)” မှ ဦးဆောင်ပြီး ကျင်းပ ပြုလုပ်သွားမည်ဟု သိရသည်။

narinjara190901

၈၈- အရေးအခင်းကာလတွင် ရန်ကုန်အပါအဝင် ရခိုင်ပြည်နယ်အတွင်း နိုင်ငံရေးအရ တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်ခဲ့ကြသည့် ရခိုင်ကျောင်းသားဟောင်းများ၊ ယင်းအချိန်က ဦးဆောင်ခဲ့ကြသည့် လူငယ်ခေါင်းဆောင်များကို စုစည်း၍ ရခိုင်အမျိုးသားရေးကို တဖက်တလမ်းမှ ပါ၀င် ကူညီ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ယခုညီလာခံကို ကျင်းပသွားမည်ဟု  “၈၈ မျိုးဆက်များလူမှုဖွံ့ဖြိုး ရေးအဖွဲ့(ရခိုင်)” မှ အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးတင်လှက ပြောသည်။

ယခုအခါ ၈၈ မျိုးဆက် ရခိုင် ကျောင်းသားဟောင်းများ အနေဖြင့် “၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့(ရခိုင်)” အဖွဲ့ကို ရည်ရွယ်ချက် ၄ ခုဖြင့်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရသည်။

ယင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ရခိုင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရန်၊ ရခိုင်ဒေသ လုံခြံုရေးနှင့် တရားဥ ပဒေစိုးမိုးရေးအတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ရန်၊ ရခိုင်ပြည် အမျိုးသားညီညွတ်ရေးတွင် အစဉ် တစိုက်ပါဝင် ဆောင်ရွက်ရန်နှင့် တာဝန်ယူ ဆောင်ရွက် နေကြသော ကြမည့် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ် လွှတ်တော်သို့ ရခိုင်ပြည်သူများ အကျိုးအတွက် အမှန်တကယ်လိုအပ်ချက် များကိုလေ့လာ၍ တင်ပြရန် တို့ဖြစ်သည်။

၈၈ မျိုးဆက်များ လူမှုဖွံ့ဖြိုးရေးအဖွဲ့(ရခိုင်)” အဖွဲ့ဖွဲ့စည်းနိုင်ရန်အတွက် ယင်းအဖွဲဲ့၏အဖွဲ့ဝင်အချို့ သည် ရန်ကုန်မြို့တွင် ၂ဝ၁၃ ခုနှစ်အတွင်းကတစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ယင်းနောက်ပိုင်း ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်က မြောက်ဦးမြို့တွင် တစ်ကြိမ်နှင့် သြဂုတ်လ ၃၁ ရက်က စစ်တွေမြို့တွင်တစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီးဖြစ်သည်ဟု သူက ဆိုသည်။

အကြမ်းအားဖြင့်သတ်မှှတ်ထားသည့်အဆိုပါရည်ရွယ်ချက် ၄ ချက်ကို ကျောက်ဖြူပြုလုပ်မည့်အ စည်းအဝေးတွင် ထပ်မံဆွေးနွေးကြဦးမည်ဖြစ်ပြီး လိုအပ်လျှင် ထပ်မံဖြည့်စွက် အတည်ပြု သွားမည်ဖြစ်ကြောင်း သိရသည်။

“မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျွန်တော်တို့ ၈၈ မျိုးဆက်ဦးရေအတိအကျကိုတော့ မခန့်မှန်း နိုင်ဘူး။ အခုလက်ရှိအချိန်ထိတော့ အဖွဲ့ဝင် ၄ဝ ကျော်သွားပြီ”ဟု အဆိုပါအဖွဲ့၏ အဖွဲ့ဝင် ဦးလှမောင်သန်းက ဆိုသည်။

အဆိုပါအဖွဲ့ကို အစိုးရထံတွင်မှှတ်ပုံတင်ကာ တရားဝင်အဖွဲ့အစည်းတစ်ခုအဖြစ် ရခိုင်ဒေသအကျိုး အတွက် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း နောက်ပိိုင်းတွင် ယင်းအဖွဲ့အနေဖြင့် နိုင်ငံရေးပါတီ တစ်ခုအဖြစ် ပြောင်းလဲ လုပ်ကိုင်သွားမည်မဟုတ်ဘဲ လူမှုအဖွဲ့အစည်းတစ်ခု အသွင်ဖြင့်သာ ဆောင်ရွက် သွားမည်ဖြစ်သည်ဟု ဆိုသည်။

Most read this week