ရန်ကုန်တိုင်းဒေသကြီးအတွင်း အိုင်စီတီမြို့တော် (ICT City) တည်ဆောက်ရေး မြေနေရာသတ်မှတ်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် လာမည့်တစ်ပတ်အတွင်း ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်ဥက္ကဋ္ဌ ဦးခွန်ဦးက ပြောသည်။
ICT City တည်ဆောက်ရန်အတွက် မြေနေရာများကို သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး သင့်တော်သည့် မနေရာကို ရရှိနိုင်ရန် ဆွေးနွေးမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဦးခွန်ဦးက “မြေနေရာ သုံး၊ လေးခု လောက်ကိုတော့ သွားကြည့်ထားပါတယ်။ အဲဒီနေရာတွေထဲ သင့်တော်တဲ့ မြေနေရာ ရရှိဖို့အတွက် တိုင်းဒေသအစိုးရအဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းပြီးမှ အတည်ပြုသွားမှာပါ” ဟု ပြောသည်။
ရန်ကုန်တွင် အိုင်စီတီစီးတီး တည်ဆောက်ရန်အတွက် နိုင်ငံတော် သမ္မတနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာဝန်ရှိသူများ ဇူလိုင်လအတွင်းက တွေ့ဆုံစဉ် သမ္မတက ညွှန်ကြားခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ညွှန်ကြားရာတွင် ရန်ကုန်တွင် အိုင်စီတီလုပ်ငန်းများ၊ ကုမ္ပဏီများ ပေါင်းစည်းလုပ်ကိုင်နိုင်0သည့် ပြင်ဦးလွင်ရှိ ဆိုက်ဘာစီးတီးကဲ့သို့ မြေဧက ငါးရာခန့် ကျယ်ဝန်းသော အိုင်စီတီမြို့တော်တစ်ခုကို ရန်ကုန်တွင် တည်ဆောက်ရန် ဖြစ်သည်။
ဦးခွန်ဦးက “မြေနေရာသတ်မှတ်ပြီးရင်တော့ နည်းပညာလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေနဲ့ စုပေါင်းပြီး ပရောဂျက်အတွက် အစီအစဉ်ဆွဲမယ်။ ပြီးရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ်ရှာပြီး အခြေခံ အဆောက် အအုံတည်ဆောက်ဖို့ တင်ဒါ ခေါ်တာမျိုး လုပ်သွားမယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် အိုင်တီလုပ်ငန်းများ ဖြစ်သော Hardware၊ Software ထုတ်လုပ်သည့်လုပ်ငန်းများ ပိုမိုတိုး တက်လာစေရန်အတွက် အခြေခံအဆောက်အအုံများ မရှိမဖြစ် တည်ဆောက်ရန် လိုအပ်သည်ဟု အိုင်တီ ပညာရှင်များက ပြောကြားသည်။
Myanmar Technology Gateway (MTG) ၏ မန်နေးဂျင်းဒါရိုက်တာ ဦးဇော်မင်းဦးက “ဒီအိုင်စီတီစီးတီးမှာ အခန်းငှားစားတာမျိုးလောက် မဟုတ်ဘဲ တကယ့်ကို အိုင်တီလုပ်ငန်းကြီးတွေ စုပြီးလုပ်ကိုင်တဲ့ နေရာတစ်ခုဖြစ်လာဖို့ လိုအပ်တယ်။ ဒါ့အပြင် တက်သစ်စ လူငယ်နည်းပညာရှင်တွေအတွက် နည်းပညာ လေ့ လာနိုင်တဲ့ Lab တွေကိုလည်း ထည့်သွင်း တည်ဆောက်ဖို့ လိုအပ်ပါလိမ့်မယ်။ အဲဒီနေရာမှာပဲ နည်းပညာသစ်တွေကို ကျောင်းသားလေးတွေ လေ့လာတီထွင်နိုင်ပါလိမ့်မယ်” ဟု ပြောသည်။
အိုင်စီတီမြို့တော် တည်ဆောက်ရန်အတွက် မြေနေရာသုံးနေရာကို သွားရောက် လေ့လာကြည့်ရှုထားပြီး ရန်ကုန်မြို့ Downtown ဧရိယာရှိမြို့များ မပါဝင်ဘဲ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့တွင် ဖြစ်သည်ဟု ဦးခွန်ဦး ဆိုသည်။ လက်ရှိတွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နည်းပညာလုပ်ငန်းအများစု လုပ်ကိုင်နေသည့် MICT Park ကို တည်ဆောက်ထားသည်။