မြန်မာနိုင်ငံ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှုအတွက် တတိယအကြိမ် ညီလာခံကို ရန်ကုန်မြို့၊ ဖိုးစိန်လမ်းရှိ၊ ချက်ထရီယမ် ဟိုတယ်တွင် စက်တင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံ၌ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာ အဖွဲ့အစည်းများ ပါဝင်ဆွေးနွေးမည် ဖြစ်ပြီး ပြန်ကြားရေး ဝန်ကြီးဌာနနှင့် မီဒီယာ အဖွဲ့အစည်းပေါင်း ၂၀ ကျော် ပါဝင်သော မြန်မာမီဒီယာ ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ယူနက်စကိုနှင့် နိုင်ငံတကာမီဒီယာထောက်ပံ့မှုအဖွဲ့ (IMS) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ညီလာခံ၌ တန်းဝင် အဆင့်မီသတင်းစာပညာ (Professional Journalism) ဆိုင်ရာ နိုင်ငံတကာ စံနှုန်းများနှင့် မြန်မာမီဒီယာ အခန်းကဏ္ဍကို ဆွေးနွေးသွားမည်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၊ ပြည်တွင်းရှိ သတင်းမီဒီယာလုပ်ငန်း ဆောင်ရွက်နေသူများ အပါအဝင် နိုင်ငံတကာသတင်း မီဒီယာပညာရှင်များစွာလည်း ပါဝင်ဆွေးနွေးမည်ဖြစ်သည်။ ပါဝင်ဆွေးနွေး မည့်သူ တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင် ဦးဖေမြင့်က "စာနယ်ဇင်းကောင်စီကို ပေးပို့တဲ့ တိုင်ကြားစာတွေအကြောင်း ဆွေးနွေးမယ်။ တိုင်ကြားစာတွေကိုစာနယ်ဇင်းကောင်စီက ဖြေရှင်းပေးတဲ့ အခါ ကြံုတွေ့ရတဲ့အကြောင်းတွေပါမယ်" ဟု ပြောသည်။
ညီလာခံ၌ သတင်းစာပညာကျင့်ဝတ်နှင့် လူမှုအဖွဲ့စည်းတွင် တာဝန်ယူနိုင်သော မီဒီယာ၊ ပြည်သူ့ဝန်ဆောင် ရုပ်သံထုတ်လွှင့်မှု လုပ်ဆောင်ပုံများ၊ လူထုအခြေပြု ရေဒီယိုနှင့် တိုင်းရင်းသားကဏ္ဍ၊ ရွေးကောက်ပွဲသတင်း တင်ဆက်ရေးသားခြင်း၊ စာနယ်ဇင်းကောင်စီနှင့် ကန့်ကွက်လာမှုများကို ကိုင်တွယ် ဖြေရှင်းခြင်း၊ မီဒီယာလုပ်ငန်းရေရှည် ရပ်တည်နိုင်သည့် လုပ်ငန်းတစ်ခုဖြစ်ရန် စီမံဆောင်ရွက်ခြင်း၊ မီဒီယာ၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးနှင့် လူမှုအဖွဲ့အစည်း၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို မီဒီယာဥပဒေပြင်ပမှ ခြိမ်းခြောက်မှုများ အစရှိသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးသွားမည် ဖြစ်သည်။