ရခိုင် ပင်လယ်ပြင် လုံခြံုရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်

ရခိုင် ပင်လယ်ပြင် လုံခြံုရေးအားနည်းမှု လွှတ်တော်အမတ်အချို့ ဝေဖန်
by -
မဇ္စျိမ

ရခိုင်ပြည်နယ် ကမ်းရိုးတန်းဒေသများ၏ ပင်လယ်ထွက်ပေါက် လုံခြံုရေးများနှင့် ပတ်သက်ပြီး အစိုးရ၏ လုံခြံုရေးအားနည်းမှုကို မြို့နယ်အသီးသီးရှိ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အချို့က ဝေဖန်လိုက်သည်။

ရခိုင်ကမ်းရိုးတန်းဒေသတွင် မိုးရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီရောက်သည်နှင့် ပင်လယ်ရေထွက်ပေါက်များမှ ကုန်စည်နှင့် လူအဝင်အထွက်များ ရှိလာသော်လည်း ပြည်နယ်အစိုးရက လုံခြံုရေးကို ထိန်းချုပ်နိုင်ခြင်း မရှိဟု ကျောက်တော်မြို့နယ် ကိုယ်စားလှယ် ဦးစောငြိမ်းက ပြောသည်။

Rakhine-Quaysi

ဦးစောငြိမ်းက “လွှတ်တော်ထဲမှာ လည်းတင်ပြတယ်။ အပြင်ကဆွေးနွေးပွဲ တွေမှာလည်း ပြောတယ်။ ရေကြောင်းလုံခြံုရေးကို ခုထိ ဘာမှလက်တွေ့လုပ် နိုင်တာ မရှိသေးဘူး” ဟု ပြောသည်။

ရခိုင်ပြည်နယ် မြို့နယ်များမှ စက်လှေများဖြင့် ထွက်ခွာလာသော ဘင်္ဂါလီများကို မကြာခဏ ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိပြီး သြဂုတ်လနှင့် စက်တင်ဘာလများက စက်လှေများဖြင့် ထွက်ပြေးသဖြင့် ပြည်နယ်အစိုးရက ဖမ်းဆီးရမိသူ ၁၀၀ ကျော် ရှိပြီဖြစ်သည်။

မြေပုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း က “အဓိက ဝင်ပေါက် ထွက်ပေါက်ဖြစ်တဲ့ ရေထွက် ပေါက်တွေကို မထိန်းသိမ်းနိုင်ခဲ့လို့ အခုရခိုင်မှာ ဖြေရှင်းမရတဲ့ ပြဿနာတွေဖြစ် နေတာပါ။ ဒီလိုဆက်ထားရင် ရခိုင်လို ပြဿနာမျိုး တစ်နိုင်ငံလုံးမှာ ဖြစ်လာလိမ့်မယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရကမူ ရခိုင်ပြည်နယ် ရေကြောင်းလုံခြံုရေးအတွက် ခေတ်မီကင်းလှည့်ရေယာဉ်များကို တပ်ဆင်ပေးပြီး ရေကြောင်းရဲတပ်ဖွဲ့များကိုလည်း ဖွဲ့စည်းပေးမည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ပြည်နယ်လွှတ်တော်တွင် သြဂုတ်လ အတွင်းက ပြောကြားထားသည်။

ရေကြောင်းလုံခြံုရေး အားနည်းနေသည်ဟု ဝေဖန်မှုများနှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ သတင်းပြန် ကြား ရေးတာဝန်ခံ ဦးဝင်းမြိုင် က “ရေကြောင်း တပ်ဖွဲ့တွေနဲ့ လုံခြံုရေးချထားပါတယ်။ လုံခြံုရေးရှိလို့ ထွက်ပြေးတာတွေ ဖမ်းမိတာပေါ့” ဟု တုံ့ပြန်ပြောဆိုသည်။

စက်တင်ဘာ ၁၅ ရက်က ဒုက္ခသည် စခန်းများကို လုံခြံုရေးဝန်ကြီးကိုယ်တိုင် သွားရောက်ပြီး ဒုက္ခသည် စခန်းရှိ သတ်မှတ်နေရာတွင်သာနေရန်၊ ရေကြောင်းသွားလာမှုများ မပြုလုပ်ရန် စည်းကမ်းသတ်မှတ်ထားသည်ဟု ဆိုသည်။

စစ်တွေ ဒုက္ခသည်စခန်းမှ ခေါင်းဆောင် ဦးအောင်ဝင်းက “ဒုက္ခသည် စခန်းမှာနေတယ်ဆိုပေမယ့် ပင်လယ်ထွက်ပြီး ငါးရှာတာတို့၊ ဘာတို့လုပ်ရတယ် စခန်းထဲမှာ ပိတ်ပင်ထားတာမျိုးတော့ မဖြစ်နိုင်ဘူး” ဟု ဆိုသည်။

သြဂုတ်လအတွင်းက ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည်စခန်းများမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက်္ခ သည် ၁၀၀ ကျော်နှင့် ကျောက်ဖြူမှ ထွက်ပြေးလာသော ဘင်္ဂါလီဒုက္ခသည် ၂၀ ကျော်ကို ဖမ်းဆီးခဲ့သည်။ စက်တင်ဘာလ အတွင်းက စစ်တွေမြို့နယ်အတွင်းသို့ မှန်စီချောင်းမှတစ်ဆင့် ဝင်ရောက်လာသော ဘင်္ဂါလီများကိုဖမ်းဆီးခဲ့ရာ ထွက်ပြေးသဖြင့် သုံးဦးမှာ ရေနစ်သေဆုံးခဲ့ပြီး ရှစ်ဦးဖမ်းမိခဲ့သည်။

စက်တင်ဘာလ အတွင်းကလည်း မင်းပြား၌ ခရီးသွား လှေတစ်စင်းနစ်မြုပ်ပြီး ဘင်္ဂါလီ ၁၁ ဦး သေဆုံးခဲ့ သေးသည်။

Most read this week