လျှပ်စစ်အန္တရာယ်ကင်းဝေးစေရေး ကိုယ့်အန္တရာယ်ကိုယ်ရှောင်ကြရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ် စစ်ဓာတ်အား ဖြန့်ဖြူးရေးဌာနမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်အောင်က သတိပေးလိုက်သည်။
၎င်းက “လျှပ်စစ်နဲ့ပတ်သက်ပြီး အကုန်လုံးကို အန္တရာယ်ကင်းရှင်းဖို့လုပ်ထားတယ်။ လမ်းဖြတ်ကူးရင် ကား ကိုကြည့်ရှောင်ရသလို ဓာတ်ကြိုးအောက်သွားမယ်ဆိုရင်လည်း ဓာတ်ကြိုးကို ကြည့်ရှောင်ရမယ်။ အန္တရာယ်ရှိတယ်ဆိုတာကို အရင်ကတည်းက သိထားရမှာပေါ့။ ဓာတ်ကြိုးတွေက အများကြီးမိုင်ပေါင်းများ စွာရှိနေတော့ ဘယ်အချိန် ပြတ်ကျမလဲဆိုတာ မသိနိုင်ဘူး။ မြင်တဲ့သူက အကြောင်းကြားပေးမှသာလျှပ် စစ်ဝန်ကြီးဌာနက ချက်ချင်းပြင်လို့ရမှာ”ဟု ပြောသည်။
ယခုနှစ်အတွင်း ဓာတ်ကြိုးပြတ်ကျမှုများကြောင့် လမ်းသွားလမ်းလာပြည်သူများ မကြာခဏ ဓာတ်လိုက် သေဆုံးမှုများ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ မေးမြန်းစဉ်ယင်းသို့ ပြန်လည်ဖြေဆိုခြင်း ဖြစ်သည်။
ယင်းသို့ဖြစ်ပေါ်နေရခြင်းသည် လျှပ်စစ်ဓာတ်အားနှင့် ကြိုး၏ခံနိုင်ဝန် မျှတမှုမရှိ ခြင်းကြောင့်ဟုလည်း အုပ်ချုပ်မှုဒါရိုက်တာ က အသိပေးသည်။
“ဓာတ်ကြိုးပြတ်ကျတဲ့အခါ အန္တရာယ်မဖြစ်အောင် ကိုယ့်အိမ်တွေ၊ ကိုယ့်ပတ်ဝန်းကျင်က နေရာတွေကို သတိထားဖို့လိုတယ်။ အားလုံးဝိုင်းပြီးလုပ်ကြရမှာပေါ့။ လျှပ်စစ် အန္တရာယ်သတိပေးရေးကို စာစောင်တွေ မှာရော သတင်းစာတွေမှာရော ကြေညာပေးနေတာ။ ဒါတွေသိထားဖို့လိုတယ်။ ဒါမှ လျှပ်စစ်အန္တရာယ် လျော့သွား မှာပေါ့” ဟု ၎င်းက ပြောသည်။
ဇွန်လနှင့် ဇူလိုင်လအတွင်း ရန်ကုန်တိုင်း၌ လျှပ်စစ်ဓာတ်ကြိုးပြတ်ကျမှုကြောင့် သေဆုံးသူ ခြောက်ဦးရှိခဲ့ သော်လည်း ရဲစခန်းများက ဖြစ်ရိုးဖြစ်စဉ် သေမှုသေခင်းအဖြစ်သာ အမှုဖွင့်ခဲ့ကြသည်။
အနီးဆုံးဖြစ်စဉ်သည် စက်တင်ဘာ ၁၂ ရက် ညက သင်္ဃန်းကျွန်းမြို့နယ် ၁၆/၁ ရပ်ကွက်၊ သုမင်္ဂလာ လမ်းအတွင်း ဖြစ်ပွားခဲ့သည်။ အဆိုပါလမ်းအတွင်းရှိ ဓာတ်တိုင်ရှိ ကြွေသီးကွဲရာမှ လျှပ်စစ်စီးဝင်ပြီး ဓာတ်တိုင်နှင့် ထိစပ်နေသည့် ရေအိုင်အတွင်းရှိေ သည့် အမျိုးသမီးတစ်ဦးနှင့် ကလေးတစ်ဦး ဓာတ်လိုက်သေ ဆုံးခဲ့ရသည်။
အဆိုပါဖြစ်စဉ်ကြောင့် အသက် ၁၀ နှစ်အရွယ် တတိယတန်းကျောင်းသူ မဖြူစင်ငြိမ်းနှင့် အသက် ၄၀ အရွယ် ဒေါ်အေးအေးဆန်းတို့ သေဆုံးခဲ့ကြသည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လမှ စက်တင်ဘာလအထိ ဓာတ်ကြိုးပြတ်ကျ မှုကြောင့် ဓာတ်လိုက် သေဆုံးသူ ၅၅ ဦးရှိသည်ဟု စာရင်းများက ဆိုသည်။