တောင်ကြီးမြို့ စက်မှုဇုန်တိုးချဲ့မှုတွင် သိမ်းဆည်းထားသည့် မြေယာပြဿနာ နှင့်ပတ်သက်၍ နှစ်ကြိမ်တိုင် ဆန္ဒဖော်ထုတ်ခဲ့သော်လည်း အာဏာပိုင်အဖွဲ့အစည်းများမှ တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိသည့်အတွက် စက်မှုဇုန်ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ရှမ်းပြည်နယ် စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဦးစိုင်းထွန်းရင်ကို တရားစွဲဆိုသွားမည်ဟု ရှမ်းတောင်လယ်သမားရေးရာကော်မတီ မှ ဦးတင်ရွှေက မဇ္စျိမကို ပြောသည်။
တရားစွဲဆိုနိုင်ရန် အတွက် စက်တင်ဘာ ၁၁ ရက်က စက်မှုဇုန် တိုးချဲ့ လယ်မြေသိမ်းဆည်းခံ ကျေးရွာသုံးရွာမှ တောင်သူလယ်သမားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆန္ဒထုတ်ဖော်မှုများ ဆက်လုပ်မည့်အစား တရားစွဲဆိုသွား မည့် နည်းလမ်းကို ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးတင်ရွှေက ပြောသည်။
"အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ဆန္ဒဖော်ထုတ်ပွဲတွေ အကြိမ်ကြိမ်လုပ်ပြီး အာဏာပိုင်တွေက ဂရုမစိုက်တဲ့ သာဓကတွေရှိတယ်။ ဒီတော့ တရားစွဲဆိုဖို့ကို ဦးတို့ ဆုံးဖြတ်လိုက်တယ် ” ဟု ရှမ်းတောင်လယ်သမား ရေးရာကော်မတီ မှ ဦးတင်ရွှေ က ပြောသည်။
တရားစွဲနိုင်ရန် စက်တင်ဘာ ၁၇ရက်တွင် ရှေ့နေများနှင့်တိုင်ပင်ကာ နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ပြီး ပြည်နယ် တရားရုံးမှ လက်မခံပါက နေပြည်တော် တရားရုံးချုပ်အထိ အဆင့်ဆင့် တင်ပြသွားမည်ဟု ၎င်းကဆိုသည်။
စက်မှုဇုန် အကောင်ထည်ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီးအား မဇ္စျိမက ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း သီးခြား အတည်ပြုချက် မပေးနိုင်ခဲ့ပေ။
တောင်ကြီးတွင် ဇူလိုင်၂ ရက်က သိမ်းဆည်းခံလယ်မြေများအတွက် တောင်သူ ၃၀၀ကျော်ဖြင့် ဆန္ဒဖော်ထုတ် ခဲ့ကြပြီး အကြောင်းတစ်စုံတစ်ရာ ထူးခြားလာမှု မရှိသည့် အတွက် ဒုတိယ အကြိမ် တောင်သူ ၅၀၀ ကျော်ဖြင့် သြဂုတ် လ ရရက်က အေးသာယာမြို့သစ်တွင်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့အတွင်းရှိ ဘုရားဖြူရပ်ကွက် ၄၊ ပလီလင်းကျေးရွာ၊ ရွှေညောင်၊ ပါနွေးရွာ ၊ မီးသွေးဖုတ်ရွာ၊ ကွန်လုံ၊ ရေပူ၊ ဖက်ကွန်ကျေးရွာ၊ တောင်နီ ကျေးရွာ၊ နောင်ပစ်ကျေးရွာ၊ နောင်ကား ကျေးရွာ၊ ညိုမီး ကျေးရွာ၊ အေးသာယာမြို့သစ်၊ စက်မှုဇုန် မုံတဝ အစရှိသည့် ဒေသများတွင် တပ်သိမ်းမြေများ၊ စက်မှုဇုန် တိုးချဲ့သိမ်းမြေ၊ ငြိမ်းချမ်းရေးအဖွဲ့ သိမ်းမြေ၊ မြို့ပြ အကွက်ဖော်သိမ်းမြေ ဧက စုစုပေါင်း ၅၀၀၀ ကျော်ရှိသည် ဟု ရှမ်းပြည်နယ် တောင်သူလယ်သမား ရေးရာ ကော်မတီ၏ စာရင်းတွင် ဖော်ပြထားသည်။