နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး (Political Dialogue Frame Work) ကို နိုင်ငံရေးပါတီ ၅၆ ခုက သ ဘောတူညီလိုက်ပြီဟု ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲအပြီးတွင် သဘောထားကြေညာချက် ထုတ်ပြန်လိုက်သည််။
အပစ်အခတ်ရပ်စဲပြီးနောက် ပြည်နယ်နှင့်တိုင်းအသီးသီး၏ ရှေ့အနာဂတ်လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်နှင့် ပတ်သက်၍ အစိုးရကိုယ်စားလှယ် များနှင့် တွေ့ဆုံလျှင်တင် ပြနိုင်ရန် အချက်အလက်များကို ရေးဆွဲမည်ဟုဆိုသည်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဥက္ကဌဦး စိုင်းအိုက်ပေါင်းက “အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်ခတ်ရပ်စဲရေး သဘောတူညီပြီးတာနဲ့ ရက်ပေါင်း ၆၀အတွင်း နိုင်ငံရေးပါတီတွေအားလုံးက သဘောတူညီထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် တခုကိုတင်ပြမယ်။ နိုင်ငံရေးပါတီတွေဘက်က ဆွေးနွေးစရာမူဘောင် တစ်ခုတော့ ရှိထားသင့်တယ်ထင်လို့ ပါတီအားလုံးနဲ့ ဆွေးနွေး ရေးဆွဲမှာပါ” ဟု ပြောသည်။
အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် နိုင်ငံရေးပါတီများ နိုင်ငံရေး ဆွေးနွေးမှုမူဘောင် တစ်ခုကို ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားခြင်းဖြစ်သည်။အဆိုပါ နိုင်ငံရေးပါတီ ၅၆ ပါတီတက်ရောက် ခဲ့သည့် ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ရေးဆွဲရေးလုပ်ငန်းကော်မတီကို ဖွဲ့စည်းရန်သဘော တူညီလိုက် သည်။ နိုင်ငံရေးပါတီ ၅၆ ပါတီမှ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဆိုင်ရာ မူ ဘောင်တစ်ရပ် ပေါ်ပေါက်လာရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်နှင့် နိုင်ငံရေး ပါတီများ၏ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီတစ်ရပ်ကို ကော်မတီအဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံရေးပါတီများအားလုံးသဘောတူညီသည့် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်သစ်တစ်ရပ် ပေါ်ပေါက်လာရေး အတွက် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဒီမိုကရေစီရေးတို့ အပေါ် အခြေခံ၍ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်ရေးဆွဲရေး လုပ်ငန်းကော်မတီက ရေးဆွဲမည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါ၀င်သည်။ကော်မတီအဖွဲ့ဝင်များအဖြစ် FDA (ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ်)၊ NBF(ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း)၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီတို့က ကိုယ်စားလှယ်များ က တာဝန်ယူမည်ဟုဆိုသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား နိုင်ငံရေးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီး ဖြစ်ပေါ်လာမည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် နိုင်ငံရေးပါတီများဆွေးနွေးနိုင်ရန် ငြိမ်းချမ်းရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲမူဘောင် တစ်ခုကို ကော်မတီကရေးဆွဲ၍ အပစ်အခတ်ရပ်စဲရေးလက် မှတ်ရေးထိုးမည့် အောက်တိုဘာလအပြီး နိုင်ငံရေးပါတီများနှင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များ တွေ့ဆုံမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် တင်ပြမည််ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက “နိုင်ငံရေးပါတီတွေ တစ်သံတည်းထွက် အောင်ကြိုးပမ်းရမှာပဲ။ နိုင်ငံရေးအရ ယုံကြည်ဖို့အရေးကြီးတယ်။ ဆွေးနွေးပွဲမလာတဲ့ နိုင်ငံရေးပါတီတွေ ကို ဦးဇိုဇမ် ဦးဆောင်ပြီး စည်းရုံးသွားမှာပါ” ဟု ပြောသည်။
စက်တင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တွင် ကျင်းပသော နိုင်ငံရေးဆွေးနွေးပွဲမူဘောင် ချမှတ်နိုင်ရေးအတွက် အစိုးရနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံဆွေးနွေးမှု မတိုင်မီ အကြိုဆွေးနွေးပွဲကို NBF(ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း)၊ FDA (ဖက်ဒရယ်ဒီမိုက ရေစီမဟာမိတ်)၊ NUP (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) နှင့် MFDP (မြန်မာနိုင်ငံ တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ) တို့က ဦးဆောင်ကျင်းပခြင်းဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၅၆ ပါတီတက်ရောက်ခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီ ၁၁ ခု ကတက်ရောက်ခဲ့ခြင်း မရှိခဲ့ဟု သတင်းထုတ်ပြန်သည်။