ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းလက်တက်ကျေးရွာရှိ NLD ရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သူဟု သံသယရှိသူအား အသေဖမ်းဆီးရမိခဲ့သည်ဟု ဟိုပုံးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းစိုးက စက်တင်ဘာ ၁၂ ရက်တွင် မဇ္စျိမကို အတည်ပြု ပြောဆိုသည်။
"ဖမ်းတဲ့အချိန်မှာ သူကထွက်ပြေးတယ်၊ ထွက်ပြေးတော့ ကျွန်တော်တို့က သေနတ်နဲ့ ပစ်လိုက်တယ်။ သေနတ်ဒဏ်ရာ ရသွားလို့ တောင်ကြီးဆေးရုံကို ခေါ်လာတဲ့အချိန် ဆေးရုံရောက်ခါနီးမှာပဲ သွေးထွက်လွန်ပြီး သေဆုံးသွားပါတယ် ” ဟု ဟိုပုံးမြို့မ ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ကျော်မင်းစိုးက မဇ္စျိမကို ပြောသည်။
သံသယရှိသူအား စက်တင်ဘာ ၁၂ ရက်က သွားရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
"ဦးဆွေ (ခ) သဆွေ ဆိုတဲ့သူကို မင်္သကာဘူး၊ အချင်းချင်းကလည်း မြေယာပြဿနာ ကိစ္စရှိထားတာ၊ သွားဖမ်းတာလည်း လေးငါးခြောက်ကြိမ် မကရှိနေပြီ၊ ဒါပေမယ့် သူက အတွေ့မခံဘူး ရှောင်နေတာ” ဟု ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်ဝင်း က မဇ္စျိမကို ပြောသည်။
သွားရောက်ဖမ်းဆီးစဉ် ထွက်ပြေးသည့် ဦးဆွေ (ခ) သဆွေသည် ကျေးရွာအုပ်စု အတွင်းရေးမှူး ဖြစ်ပြီး NLD ပါတီ အနေဖြင့် မင်္သကာ၍ စုံစမ်းထားသည့် အချက်များကို ပြည်နယ် ရဲတပ်ဖွဲ့မှူးထံ တင်ပြပေးထားပြီး ဦးစိုင်းစံထွန်း လုပ်ကြံခံရသည့် ဇွန်လ ၄ ရက်မှ သုံးလအကြာတွင် ဖမ်းဆီး ရမိခဲ့သည့်အတွက် ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ဝင်များအား ချီးကျူးဂုဏ်ပြုသည်ဟုလည်း တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးတင်မောင်တိုး က ဆိုသည်။
မိုင်းပျဉ်းလက်တက်ကျေးရွာ NLD အလုပ်အမှုဆောင် ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းကို ဇွန်လ ၄ ရက် ည ၉ နာရီခန့်က အမည်မသိ လူနှစ်ဦးက နေအိမ်မှ လာရောက်ခေါ်ဆောင်သွားပြီး နေအိမ်နှင့် မလှမ်းမကမ်းနေရာတွင် သေနတ်ဖြင့် သုံးချက် ပစ်သတ်ခြင်းခံခဲ့ရခြင်း ဖြစ်သည်။
အခင်းဖြစ်ပွားခဲ့သည့် မိုင်းပျဉ်းကျေးရွာသည် ဟိုပုံးမြို့နှင့် မိုင် (၃၀) ကျော်အကွာ ၊ခလရ ၂၄၉ တပ်ဧရိယာနှင့် သုံးမိုင်ခန့်အကွာ၊ ပအိုဝ်းဌာနေ ပြည်သူ့စစ် နှင့် ခုနစ်မိုင်ခန့်အကွာတွင် တည်ရှိသည်ဟု တောင်ကြီးခရိုင်NLD ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ပြောသည်။
ယင်းအမှုနှင့် ပတ်သက်၍ ဟိုပုံးမြို့၊ မြို့မရဲစခန်းတွင်(ပ)၃၇/၁၄ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းစစ်ဆေးခဲ့သည်။