မန္တလေးခရိုင်အတွင်း ဥပဒေအရ ဖြစ်လာသော နိုင်ငံသား၊ ဧည့်နိုင်ငံသားများအဖြစ် ရရှိထားသည့် အိန္ဒိယ လူမျိုးနိုင်ငံသား ခြောက်သောင်းကျော်၊ တရုတ် လေးသောင်းကျော်၊ ဘင်္ဂလားဒေ့ရှ် တစ်ထောင်ကျော်၊ နီပေါ တစ်ထောင်ကျော်ခန့်ရှိပြီး မန္တလေးတိုင်းအတွင်း ပြည်ဝင်ခွင့်ဗီဇာအမျိုးမျိုးဖြင့် နေထိုင်အလုပ်လုပ်ကိုင်လျက် ရှိသော နိုင်ငံခြားသား ၁,၄၀၀ ကျော်ရှိသည်ဟု မန္တလေးတိုင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနက ဆိုသည်။
မန္တလေးတိုင်းအတွင်း ပြည်ဝင်ဗီဇာ အမျိုးမျိုးဖြင့် ၀င်ရောက်လာပြီး နေထိုင်ခွင့် ကျော်လွန်သည့် နိုင်ငံခြား သားများကို ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ လုံခြံု ရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကျော်မိုးက ပြောသည်။
မန္တလေးတိုင်းလွှတ်တော် ဒသမပုံမှန် အစည်းအဝေး စတုတ္ထနေ့တွင် ပျော်ဘွယ်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏နိုင်ငံခြားသားများ ၀င်ရောက်နေထိုင်မှုကိစ္စနှင့် ပတ်သက်၍ ဥပဒေနှင့်အညီဆောင်ရွက်မည့် ကိစ္စမေးမြန်းချက်ကို လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြန်လည်ဖြေ ကြားလိုက်ခြင်းဖြစ်သည်ဟုဆိုသည်။
၂၀၁၄ ခုနှစ်အတွင်း ဗီဇာစည်းကမ်းနှင့် မညီညွတ်သည့် နိုင်ငံခြားသား ရ၃ ဦးကို ပြည်နှင်ဒဏ်ပေးအပ်ခဲ့ ပြီး ၎င်းတို့အား ၁၉၄၀ပြည့်နှစ် နိုင်ငံခြားသားများ မှတ်ပုံတင်ရေး အက်ဥပဒေပုဒ်မ - ၅(၁) အရ အရေး ယူခြင်းဖြစ်သည်ဟု သိရှိရသည်။
ပြည်ဝင်ဗီဇာများဖြင့် မန္တလေးတိုင်းအတွင်း ၀င်ရောက်နေထိုင်၊ အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများ သည် ဗီဇာစည်းကမ်းနှင့်အညီ နေထိုင်ခြင်း၊ နေခွင့် သက်တမ်းကျော်လွန်ခြင်း၊ ၎င်းတို့ကို တာဝန်ခံမည့် ဗဟို၀န်ကြီးဌာန ရှိ၊ မရှိ စိစစ် ကြပ်မတ်နိုင်ရန် စဉ်ဆက်မပြတ်စစ်ဆေး လျက်ရှိသည့်အပြင် နိုင်ငံခြားသား ဧည့်သည်များ တည်းခိုသော ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၌ ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိသည်ဟုဆိုသည်။
ထိုသို့ စစ်ဆေးရာတွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ် ဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ် ပုံတင်ရေးဦးစီးဌာနတို့ပါ၀င်သည့် နိုင်ငံခြားသား ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့တို့ ဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် နိုင်ငံခြားသား အဝင်၊ အထွက် ရှိသည့် လေဆိပ်၊ ရေဆိပ်များတွင်လည်းဆိပ်ကမ်းတာဝန်ရှိသူများ၊ ယာဉ်အသင်းများနှင့် ပူးပေါင်းကာအဝင်အထွက်များကို စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသားများ နေထိုင်ခွင့်ကျော်လွန်ပြီး နှစ်ရှည်နေထိုင်မှု မဖြစ်စေရန် ဖော်ထုတ်ဆောင်ရွက်လျက် ရှိသည်ဟု ဗိုလ်မှူးကြီး အောင်ကျော်မိုးက ရှင်းလင်းပြောကြားသည်။