စိုက်ပျိုးမြေဧက ရ၀၀ ဆုံးရှုံးကာ တောင်သူအခက်တွေ့နိုင်သော်လည်း မြောက်ယမားဆည် ဆက်လက်တူး ဖော်ရေး လွှတ်တော်သို့တင်

စိုက်ပျိုးမြေဧက ရ၀၀ ဆုံးရှုံးကာ တောင်သူအခက်တွေ့နိုင်သော်လည်း မြောက်ယမားဆည် ဆက်လက်တူး ဖော်ရေး လွှတ်တော်သို့တင်
by -
မဇ္စျိမ

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ မြောက်ယမားဆည်၏ လက်ယာမြောင်း လက်တံသစ်အား ဆက်လက်တူးဖော်နိုင်ရန်အတွက် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်ဇော်က စက်တင်ဘာ ၁၂ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် ၁၁ ကြိမ်မြောက်ပုံမှန်အစည်းဝေး ဒုတိယနေ့တွင် တင်ပြခဲ့သည်။

လက်ယာမြောင်းတူးဖော်ခြင်းလုပ်ငန်းသည် ၂၀၁၁-၁၂ ဘဏ္ဍာနှစ်တွင် စတင်ဆောင်ရွက်ကာ တူးမြောင်းကြီး၏ အလျား (၁၇ ဒသမ ၃၈) မိုင်၊ အနက် (၈ ဒသမ ၃၈) မိုင် တူးဖော်လျက်ရှိစဉ် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ခေတ္တရပ်ဆိုင်းထားသော်လည်း ကျန်ရှိသော အလျား (၉) မိုင်အား ၂၀၁၄ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်တွင် ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်းလည်း ဒု- ဝန်ကြီးက ပြည်ထောင်စု လွှတ်တော်သို့ အသိပေးပြောကြားခဲ့သည်။

Dam

မြောက်ယမားဆည် လက်ယာမြောင်းလက်တံသစ် တူးဖော်ပါက အပြစ်များအဖြစ် “လက်ယာမြောင်း လက်တံသစ် တူးဖော်မှု စီမံကိန်းဧရိယာအတွင်း ကျရောက်မည့် စိုက်ပျိုးမြေဧက ရ၀၀ ခန့်ဆုံးရှုံးခြင်း၊ မြေပိုင်ရှင် တောင်သူမိသားစုများအတွက် ယာယီအခက်အခဲ ဖြစ်ပေါ်စေနိုင်ခြင်း” စသည်တို့ ဖြစ်နိုင်မည်ဟု ဒု-ဝန်ကြီးက လွှတ်တော်တွင် ပြောသည်။

သို့ရာတွင် စိုက်ပျိုးမြေ ဧကရ၀၀ ဆုံးရှုံးသော်လည်း ဧက ၉၀၀၀ အား ရာသီမရွေးသီးနှံများ စိုက်ပျိုးနိုင်အောင် ရေပေးဝေနိုင်ခြင်း၊ မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးသီးနှံများ ပျက်စီးခြင်း၊

မစိုက်ပျိုးနိုင်ခြင်းတို့ ကင်းဝေးစေနိုင်မည့် အပြင် ဒေသခံပြည်သူတို့ နေ့စဉ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အတွက် ရေရှည် အာမခံချက် မြင့်မားစေနိုင်မည်ဟုလည်း ဒု-ဝန်ကြီးက ဆိုသည်။

ထိုသို့ဆောင်ရွက်ခြင်းကြောင့် အခက်အခဲဖြစ်ပေါ်မည့် တောင်သူများအတွက် နိုင်ငံတော်အစိုးရမှ သင့်လျော်စွာ ထောက်ပံ့ပေး၍ အစားထိုးစိုက်ပျိုးမြေ ပြန်လည်ရရှိရန် စီမံဆောင်ရွက်ပေးသွားမည် ဟုလည်း နိုင်ငံတော်သမ္မတ ပေးပို့သော သဝဏ်လွှာတွင် အတိအလင်းဖော်ပြပါရှိသည်။

လယ်/ဆည်ဒု-ဝန်ကြီးကလည်း “ဆုံးရှုံးလယ်ယာမြေများအတွက် နစ်နာကြေးပေးလျော်နိုင်ရေးကို တိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတ်တော်တွင် ကတိပြုပြောသည်။

ပြည်သူ့လွှတ်တော်၊ သတ္တမပုံမှန်အစည်းအဝေး ကျင်းပစဉ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်သည် တူးမြောင်းတူးဖော်ခြင်းကြောင့် စိုက်ပျိုးမြေဧက ရ၀၀ ဆုံးရှုံးနိုင်သဖြင့်ဆက်လက်ဆောင် ရွက်ရန် မသင့်တော်သောကြောင့် စီမံကိန်းရပ်ဆိုင်းရန်အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ဖူးသည်။

ထိုစဉ်က လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းယန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု ဖြေကြားခဲ့ဖူးပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် တူးဖော်ခြင်းလုပ်ငန်း ခေတ္တရပ်ဆိုင်းခဲ့သည်။

ရပ်ဆိုင်းထားသော မြောက်ယမားဆည်၏ လက်ယာမြောင်းလက်တံသစ်တူးဖော်ခြင်း လုပ်ငန်းကို လျင်မြန်စွာ ဆောင်ရွက်ပေးရန် “ပုလဲမြို့နယ်၊ ကံကြီးကျေးရွာ၊ ကျေးနင်းကြီးကျေးရွာ၊ မင်းမအနောက်ကျေးရွာ၊ သေတ္တရာ ကျေးရွာ၊ ဇီးရင်းကျေးရွာများရှိ ဒေသခံတောင်သူ (၇၈၃) ဦးတို့က လက်မှတ်ရေးထိုးပြီး ဆန္ဒသဘောထား များကိုလည်း တင်ပြခဲ့ကြပါတယ်” ဟု ဒု-ဝန်ကြီး ဦးခင်ဇော်က ဆိုသည်။

မြောက်ယာမားဆည်၏ လက်ယာမြောင်းလက်တံသစ် တူးဖော်ခြင်းလုပ်ငန်းသည် ဒေသခံတောင်သူများနှင့် ပြည်သူများ နေ့စဉ်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို သေချာစွာ အကျိုးရှိစေနိုင်သည်ဟုဆိုကာ ပြန်လည်ဆောင်ရွက်လိုပါ၍ ပြည်ထောင်စုလွှတ်တော်အနေဖြင့် အလေးထားဆွေးနွေးသုံးသပ်ပေးရန် ၂၀၁၄ ခုနှစ် ဇူလိုင် ၃၁ ရက် ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော် နာယကထံ သဝဏ်လွှာ ပေးပို့ခဲ့ပြီးဖြစ်သည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ဆွေးနွေးလိုသူ ကိုယ်စားလှယ်များအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နောက်ဆုံး ထားကာ ပြည်ထောင်စုလွှတ်တော်ရုံးသို့စာရင်းပေးရန် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

Most read this week