ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအားနည်းသွား နိုင်၍ ကြားဖြတ် ရွေးကောက်ပွဲကို မကျင်းပဖြစ်ခြင်းဟု ကော်မရှင်ဥက္ကဌ ဦးတင်အေးက ပြည်ထောင်စုလွှတ်တော်သို့ပေး ပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ရ ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေးစင်တာတွင် ကြားဖြတ်ရွေးကောက်ပွဲမကျင်းပဖြစ်ကြောင်း ပြောကြားအပြီး သုံးရက်အကြာ စင်တင်ဘာလ ၁၀ ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်အတွင်းကြားဖြတ်ရွေးကောက်ပွဲကျင်းပဖြစ်ပါက နိုင်ငံတော်မှ ဘဏ္ဍာငွေ ၁ ဒဿမ ရ၇ ဘီလီယံ ခန့်မှန်းတောင်းခံထားပြီး သန်းခေါင်စာရင်းလုပ်ငန်းထောက်ပံ့ငွေကဲ့သို့ မဲရုံ ၀န်ထမ်းများကို ထောက်ပံ့ငွေတိုးမြှင့်ပေးလျှင် ငွေကျပ် နှစ်ဘီလီယံကျော်ကုန်ကျ နိုင်သည်ဟု ပါရှိသည်။
ထို့ပြင်နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၂(က)(၁)၏ရှင်းလင်းချက်ပါ ပြဌာန်းချက်အရ ၂၀၁၀ ပြည့်နှစ်၊ အထွေထွေရွေး ကောက်ပွဲပြီးနောက်ပိုင်းတွင်မှ မှတ်ပုံတင်ခဲ့ကြသည့်နိုင်ငံရေး ပါတီ ၃၀ တို့သည် ကြားဖြတ်ရွေးကောက်ပွဲတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်ဝင်ရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည့်အတွက် ၀င်ရောက်မယှဉ်ပြိုင်နိုင်ပါက ပါတီမှတ်ပုံတင်ပယ်ဖျက်ပြီး ပါတီဖျက်သိမ်းခံရနိုင်ပါသည်ဟု ဆိုသည်။
ထို့ပြင်လွှတ်တော်တွင် ရောက်ရှိနေသော နိုင်ငံရေးပါတီများလည်း ကြားဖြတ်ရွေးကောက်ပွဲကြောင့် ငွေကုန်လူပန်းဖြင့်ဝန်ပိနိုင်သလို ပါတီသစ်များအတွက်လည်း ပါတီတည်ထောင်စမှာပင် ရွေးကောက်ပွဲဝင်ရသဖြင့် စည်းရုံးချိန် လုံလောက်မှုမရှိသည့်အတွက် ငွေကုန်လူပန်းဖြစ်နိုင်ပါသည်ဟု ဖော်ပြထားသည်။
ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက်ခံကြရမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ သက်တမ်းမှာလည်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်လျှင် တစ်နှစ်ခန့်သာ တာဝန်ထမ်းဆောင်ကြရမည် ဖြစ်သဖြင့် ပါတီများအနေဖြင့်လည်း တစ်နှစ်ခန့်ကာလအတွင်း ရွေးကောက်ပွဲနှစ်ကြိမ် ၀င်ရောက်ယှဉ်ပြိုင်ရ မည်ဖြစ်၍ ငွေကုန်လူပန်းဖြစ်မည်ဟုဆိုသည်။
လွှတ်တော်အသီးသီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ မြန်မာနိုင်ငံနှင့် လိုက်လျောညီထွေဖြစ်စေမည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရေးကိစ္စများ စသည့်အရေးပါသော လုုပ်ငန်းများ ထမ်းဆောင်နေရချိန်တွင် နိုင်ငံရေးပါတီများ၊ ပါတီကိုယ်စားလှယ်များ ဝန်မပိစေရန်လည်း လိုသည်ဟု ဆိုသည်။
ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲအတွက် ပြည်သူ့လွှတ်တော် ၁၆၊ အမျိုးသားလွှတ်တော် ၆နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၆ စုစုပေါင်း ၃၅ နေရာသာရှိသည့်အတွက် လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မှုကို သိသာသည့် အကျိုးရလဒ်ပြောင်းလဲသွားနိုင်ခြင်း မရှိဟုလည်း ဖော်ပြထားသည်။
ယင်းကြားဖြတ်ရွေးကောက်ပွဲကျင်းပရန် အစီအစဉ်ရှိ၊ မရှိကို လှည်ကူးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးဖြိုးမင်းသိန်းက မေးခွန်းမေးမြန်းချက်ကို မတ်လ ၂၀ ရက်၊ ၂၀၁၄ ခုနှစ်တွင် ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက အစီအစဉ်ရှိပါကြောင်းဖြေကြားခဲ့ခြင်းဖြစ်သည်။