ဂွမြို့နယ်က အိမ်မရှိတဲ့ ရေလုပ်သားမိသားစု ၉၂စု အိမ်နဲ့ နေနိုင်တော့မလား

ဂွမြို့နယ်က အိမ်မရှိတဲ့ ရေလုပ်သားမိသားစု ၉၂စု အိမ်နဲ့ နေနိုင်တော့မလား
by -
မဇ္စျိမ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း နေစရာအိမ်မရှိသည့် ရေလုပ်သားအိမ်ထောင်စု ၉၂ စုကို  တိုးချဲ့ရပ်ကွက် အသစ်တွင် နေရာချထားပေး နိုင်ရန်အတွက် ဒီဇင်ဘာတွင် ကျင်းပမည့် ပြည့်သူ့လွှတ်တော် အစည်းဝေးတွင် တင်ပြတောင်းပြဆိုသွားမည်ဟု ဂွမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးကြည်သာက ပြောသည်။

၎င်းက "အခုချိန်မှာတော့ တိုးချဲ့ရပ်ကွက်နေရာကို ကွင်းဆင်းပြီး  လေ့လာမှုတွေ လုပ်ဆောင်နေပါတယ်။ စာရင်းတွေ အကုန်ပြုစုပြီးရင် ဒီဇင်ဘာ လွှတ်တော်အစည်းဝေးလောက်မှာမှ တင်ပြဖြစ်မယ်လို့ ထင်ပါတယ်။ အားလုံးက ဂွမြို့နယ်ထဲက နေစရာအိမ်မရှိတဲ့ ရေလုပ်သားတွေပါ" ဟု ဆိုသည်။

ယင်းအဆိုတင်ခြင်းနှင့် ပတ်သက်၍လည်း ဦးကြည်သာက  "ပြည်နယ်လွှတ်တော် နဲ့ ပြည်သူ့လွှတ်တော် နှစ်ခုလုံးမှာ တင်ပြသွားမှာပါ။ မြေမဲ့ယာမဲ့တွေကို ပြန်လည်နေရာချထားလို့ရမယ့် နေရာတွေလည်း ရှိနေတာကြောင့်ဖြစ်ပါတယ်" ဟု ဆိုသည်။

အဆိုပါရပ်ကွက်သစ်ကို ဂွမြို့အနီးရှိ ဘုတ်ပင်ချောင်းတွင်  စိမ့်စမ်းသာရပ်ကွက် အမည်ဖြင့် နေရာချထား ပေးရန် မြို့နယ်မြေစာရင်းဦးစီးဌာန နှင့် မြို့နယ်အုပ်ချုပ်ရေးမှုးရုံးများသို့ ၂၀၁၄ ခုနှစ် သြဂုတ် ဒုတိယအပတ် အတွင်းတင်ပြခဲ့ပြီး အိမ်ခြံအကွက်ချပုံစံ နှင့် မြေစာရင်းပုံစံ (၁၀၅ ) ကျထားပြီဖြစ်ကာ ရခိုင်ပြည်နယ် အစိုးရခွင့်ပြုချက် ကျန်ရှိနေသေးသည်ဟုလည်း ဂွမြို့ ရွာမရပ်ကွက်၊ ကံငူကျေးရွာ ဒီရေတော ထိန်းသိမ်းရေး အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဝင်းက ပြောသည်။

လက်ရှိအချိန်တွင် ရေလုပ်သားအိမ်ထောင်စု ၉၂ စု ကို ဂွမြို့အနီး ကမ်းခြေအနီးတွင် နေရာချထားပေးပြီး ရပ်ကွက်သစ်အား ရှင်းလင်းခြင်း၊ခြံကွက်ရိုက်ခြင်းများ ပြုလုပ်နေပြီး မိုးကုန်ကာလတွင် ရေလုပ်သားများ အနေဖြင့် ပြောင်းရွှေ့နေထိုင်လိုသည်ဟုလည်း နေအိမ်မရှိသည့် ရေလုပ်သား  ဦးစိုးမောင် ကပြောသည်။

"ဂွမှာက လယ်လုပ်စရာမရှိရင် ရေလုပ်ငန်းလုပ်ရတယ်။ ရေလုပ်ငန်းကလည်း အထိအမိနည်းတော့ စားဖို့တောင်အနိုင်နိုင်ပဲ။ အဲဒီတော့ အိမ်ကွက်လည်း မဝယ်နိုင်ဘူး။ ကျွန်တော်တို့ကတော့ တရားဝင်ချ ထားပေးဖို့တော့ မျှော်လင့်မိတာပေါ့" ဟု ဆိုသည်။

စိမ့်စမ်းသာ တိုးချဲ့ရပ်ကွက်သည် ၅ ဧက ကျယ်ဝန်းပြီး အိမ်ထောင်စု တစ်စုလျှင် ၃၅ ပေ၊ ၅၀ ပေ တစ်ကွက်စီ နေရာချထားပေးမည်ဖြစ်ပြီး စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း၊ ကျေးရွာဆေးပေးခန်းများ ပါရှိကြောင်း အဆိုပါ ကျေးရွာတွင်နေထိုင်မည့် ရေလုပ်သားများက ဆိုသည်။