တပ်မတော်ထိပ်ပိုင်းအရာရှိများ အပြောင်းအလဲလုပ်

တပ်မတော်ထိပ်ပိုင်းအရာရှိများ အပြောင်းအလဲလုပ်
by -
မဇ္စျိမ

မြန်မာ့တပ်မတော်က အရေးပါသည့် ထိပ်ပိုင်း ရာထူးကြီးများဖြစ်သည့် စစ်ရေးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်၊ ဗိုလ်ချုပ်အဆင့် စသည့် ရာထူးများ စက်တင်ဘာ ၈ရက်တွင် အပြောင်းအလဲ လုပ်လိုက်သည်ဟု တပ်မတော် သတင်းအရင်းအမြစ်က သိရသည်။

စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို စစ်ဘက်ဆိုင်ရာ လုံခြံုရေး အရာရှိချုပ်(စရဖ)အဖြစ် ခန့်အပ်လိုက်ပြီး တပ်မတော် ထောက်လှမ်းရေး ကိုင်တွယ်သည့် စစ်ဘက်ဆိုင်ရာ လုံခြံုရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကို စစ်ဦးစီးအရာရှိချုပ်(ကြည်း) တာဝန်ကို လွှဲအပ်လိုက်သည်။

ထို့ပြင် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဆန်းဦးကို စစ်ရေးချုပ်အဖြစ် တိုးမြှင့်ခန့်အပ်လိုက်ပြီး ၎င်း၏ နေရာတွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်ကို ပြောင်းရွှေ့ ခန့်အပ်လိုက်သည်။ ယခင် စစ်ရေးချုပ် ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကိုမူ စစ်ဆင်ရေး အထူးအဖွဲ့မှူး ကစထ(၄)သို့ တာဝန်ပေးလိုက်ပြီ ဖြစ်သည်။

ယခု စစ်ဘက်ဆိုင်ရာ လုံခြံုရေးအရာရှိအဖြစ် ခန့်အပ်ခံရသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးမှာ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဆက်ခံရန် အလားအလာရှိသည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သေးသည်။