အစိုးရနှင့် ညှိနှိုင်းရာတွင် ကွဲလွဲချက်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် NCCT အကြိုဆွေးနွေး

အစိုးရနှင့် ညှိနှိုင်းရာတွင် ကွဲလွဲချက်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရန် NCCT အကြိုဆွေးနွေး
by -
မဇ္စျိမ

ယခုလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့(NCCT)နှင့် အစိုးရတို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် ညှိနှိုင်းပွဲမတိုင်မီ NCCT၏ အကြိုဆွေးနွေးပွဲကို စက်တင်ဘာ ၉ရက်က ထိုင်း-မြန်မာနယ်စပ်တွင် ပြုလုပ်ခဲ့ပြီး အစိုးရနှင့် ညှိနှိုင်းရာတွင် ကွဲလွဲချက်များကို ချိတ်ဆက်ေ ဆာင်ရွက်ရန် ဆွေးနွေးကြမည်ဟု NCCT၏ ပထမခေါင်းဆောင် အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

“ဆွေးနွေးပွဲမှာ ဒုတိယ မူကြမ်းပေါ်မှာ မပြေလည်တဲ့ဟာတွေ မှတ်တမ်းတွေမှာ ဘယ်လိုပါလဲဆိုတာတွေပါ။ မှတ်တမ်းရေးတဲ့ နေရာမှာ တစ်ဖက်နဲ့တစ်ဖက် နည်းနည်းကွဲလွဲနေတာတွေ နည်းနည်းရှိနေတယ်။ အဲဒါတွေ ညှိနေတယ်။ လာမယ့် ဆွေးနွေးဆွေးနွေးပွဲမှာ code of conduct ညှိဖို့၊ နောက် joint monitoring လုပ်ဖို့အတွက် အဖွဲ့ဖွဲ့ပြီး ဘယ်လို လုပ်မလဲ ဆိုတာတွေ ညှိနေတယ်”ဟု NCCT ၏ ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်းများ၏ တာဝန်ပေးချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် ဆက်လက်အကောင်အထည်ဖော်ခြင်း ဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စနှင့် ပူးတွဲ ကော်မတီ ဖွဲ့စည်းရေးတို့ ဆွေးနွေးခဲ့သည်ဟု NCCT ဒုတိယခေါင်းဆောင် ပဒိုကွယ်ထူးဝင်းက ပြောသည်။

NCCT၏သုံးရက်ကြာ အစည်းအဝေး၌ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (Joint Monitoring Committee) နှင့် ကျင့်ဝတ်စည်းမျဉ်း (Code of Conduct)များကို ဆွေးနွေးကြမည်ဖြစ်ပြီး NCCTရှေ့လုပ် ငန်းစဉ်များ ချမှတ်မည်ဖြစ်သည်။

ထို့ပြင် NCCT၏ အစည်းအဝေး ပထမနေ့တွင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)မှ ဦးရွှေမျိုးသန့် နေရာတွင် KNPPမှ ဗဟိုကော်မတီဝင် ခူးတောရယ်ကို အစားထိုး ခန့်အပ်ကြောင်း အတည်ပြုလိုက်သည်။

ယခုအစည်းအဝေးတွင် အစိုးရနှင့် NCCTတို့ စက်တင်ဘာ အတွင်း ရန်ကုန်မြို့တွင် သုံးရက်ကြာ ကျင်းပမည့် ဆွေးနွေးပွဲအတွက် အကြို ဆွေးနွေးခြင်းနှင့် သြဂုတ်လ ၁၅ရက်မှ ၁၇ရက်ထိ  ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ် ငန်းဖော်ဆောင်ရေးကော်မတီ (UWPC)နှင့် ဆွေးနွေးခဲ့သည့် အပစ်ရပ်ရေး သဘောတူစာချုပ်အပေါ် ပြန်လည် သုံးသပ်ကြမည်ဖြစ်သည်။

အစိုးရနှင့် ဆွေးနွေးရန် ကျန်ရှိသည့်အချက်များမှာ အပစ်ရပ်ပြီးနောက်နှင့် နိုင်ငံရေးဆွေးနွေးပွဲမှ ဆုံးဖြတ် ချက်များမချမီ ကြားကာလတွင် တပ်နေရာချထားရေး ကိစ္စများ၊ ပြန်လည် မပစ်ခတ်စေရန် စည်းကမ်းချမှတ်ခြင်း များနှင့် စောင့်ကြည့် ကော်မတီဖွဲ့စည်းခြင်း ကိစ္စရပ်များ၊ အပစ်ရပ်ရေး သဘောတူညီမှုတွင် မည်သူတို့ပါ၀င် မည်ကို သတ်မှတ်ရေးနှင့် အပစ်ရပ်ပြီးနောက် ကျင်းပမည့် နိုင်ငံရေးဆွေးနွေးပွဲတွင် ပါ၀င်မည့် အစုအဖွဲ့ သတ်မှတ်ရေး တို့ဖြစ်သည်။

“အဲဒီကြားကာလမှာ တိုက်ပွဲမဖြစ်ဖို့ ဘယ်လို ထိန်းသိမ်းထားမလဲ၊ တပ်နေရာချထားရေးနဲ့ Code of Conduct ဘယ်လိုထားမလဲ။ ကြားကာလမှာ ထိန်းသိမး်နိုင်ရေးအတွက်ပါ။ ကြားကာလဆိုတာက နောက်ဆုံး နားလည်မှုရတဲ့အထိ ပေါ့နော်”ဟု နိုင်ဟံသာက ပြောသည်။

အစိုးရဘက်မှ လာမည့် စက်တင်ဘာလ ၂၂၊ ၂၃၊ ၂၄ ရက်များတွင် ရန်ကုန်မြို့တွင် ပြန်လည် တွေ့ဆုံဆွေးနွေးရန် အဆိုပြုထားမှုကိုလည်း NCCT ဘက်မှ တွေ့ဆုံမည့် ရက်ကို ဆုံးဖြတ်ပေးနိုင်ခြင်းမရှိသေးဟု နိုင်ဟံသာက ပြောသည်။

Most read this week