ရွှေ နှင့် သတ္တု တူးဖော်မှု ရပ်တန့်ရေးအတွက် သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ လယ်သမားများ ဆန္ဒပြတောင်းဆိုမှုကို လိုက်လျောပေးရန် ကုမ္မဏီများနှင့် အာဏာရှိ ပုဂ္ဂိုလ်များအား သျှမ်းလူမှု အခြေပြုအဖွဲ့ အစည်းက တိုက်တွန်း ကြေငြာချက် တစ်စောင် ထုတ်ပြန်ကာ တိုက်တွန်း လိုက်သည်။
“ အဲဒီမှာ ကျနော်တို့ အဓိက တောင်းဆိုထားတာက - လူထုဟာ သတ္တုနဲ့ ရွှေတူးဖော်နေ မှုကြောင့် တကယ့် ကိုအခက်အခဲရင်ဆိုင်ခဲ့ရလို့ ဒီစီမံကိန်းတွေ ရပ်တန်းကရပ်ပေးဖို့ ဆန္ဒပြတောင်းဆိုရတာဖြစ်တယ်။ ဒီစီမံကိန်း တွေဆိုတာကလည်း လူထုအတွက် ဘာကောင်းကျိုးမှမရှိခဲ့ဖူးဘူး။ ကုမ္မဏီတွေအတွက်တခုတည်းသာ အကျိုး ရှိ တဲ့အတွက် စီမံကိန်းရပ်တန်းကရပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်” သျှမ်းလူမှုအခြေပြုအဖွဲ့ အစည်းမှ ပြောခွင့်ရ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်အားပြောသည်။
သျှမ်းလူမှုအခြေပြုအဖွဲ့အစည်းတွင် Shan Human Rights Foundation, Shan Sapawa Environmental Organisation, Shan State Development Foundation, Shan Students’ Union (Thailand),Shan Women’s Action Network, Shan Youth Network Group, Shan Youth Organisation (Taunggyi), Shan Youth Power, Tai Literature and Culture Society, Tai Youth Network, Workers’ Solidarity Association တို့ပါဝင်ပြီး အဆိုပါကြေငြာချက်မှာ စက်တင်ဘာလ ၈ ရက်နေ့ရက်စွဲဖြင့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
သတ္တုတွင်းတူးဖော်ရေး လုပ်ဆောင်ချက်များသည် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ထိခိုက်ပျက်စီးမှုများ အတွက် ဒေသခံလူထုကို အကာအကွယ်ပေးရန် ပျက်ကွက်ခြင်း၊ တရုတ်နိုင်ငံသို့ တင်ပို့နေသည့် သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းအပါအဝင် ဤဒေသအတွင်းရှိ သံယံဇာတ တူးဖော်ရေး စီမံကိန်းများနှင့် ဆက်စပ်နေသည့် လုံခြုံရေးများအတွက် စစ်အင်အားများ တိုးချဲ့ချထားခြင်းများ၊ ဆက်လက်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ကို သျှမ်းလူထုအခြေပြုအဖွဲ့အစည်းများက အထူး စိုးရိမ် လျက်ရှိသည် ဟုလည်း ပါရှိသည်။
“ လူထုတွေ ဒီသတ္တုတွင်းကြောင့် အရမ်းကိုအခက်အခဲရင်ဆိုင်နေရပြီဖြစ်ပါတယ်။ ပြည်သူ့အတွက်အစိုးရ ဆိုရင်တော့ ပြည်သူလူထုကို ပစ်မထားသင့်ပါဘူး။ ပြည်သူလူထုရဲ့အခက်အခဲတွေကို ကူညီဖြေရှင်းပေးဖို့ လေးလေးနက်နက်တိုက်တွန်းချင်ပါတယ်ခင်ဗျ” ဟု စိုင်းဟော်ရှဲန်က ပြောသည်။
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် စက်တင်ဘာလ ၅ ရက်နေ့က တောင်သူလယ်သမား ၃၀၀၀ ခန့်က အဆိုပါ နမ့်ဆီးရီးချောင်းဦးရှိ သတ္တုနှင့်ရွှေတူးဖော်ရေးစီမံကိန်း ရပ်တန့်ရေး အတွက် တောင်းဆို ဆန္ဒပြခဲ့ကြ သည်။
တောင်းဆိုမှုမလိုက်လျောပါက ဆက်လက်ဆန္ဒပြသွားမည်ဟုလည်းပြောဆိုသည်။