သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့တွင် ဒေသခံများ အတွက် ထိခိုက် နစ်နာမှု ဖြစ်စေသော သတ္တုတူးဖော် ရပ်တန့်ရေး ဆန္ဒ ထုတ်ဖော်ပွဲကို စက်တင်္ဘာလ ၅ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သတ္တုတူးဖော်မှုကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှုအကြောင်းကို ဆန္ဒထုတ်ဖော်ရန်အတွက် မန့်ခမ်းရပ်ကွက် နှင့် စယ်ဟိုင်းကျေးရွာ ကြားရှိ နမ့်ဆီးရီးချောင်းဘေးသို့ နမ့်ခမ်းဒေသခံများ နံနက် ၈းဝဝ နာရီကစုဝေးရောက်ရှိ ခဲ့ကြပြီး နံနက် ၉းဝဝ နာရီခန့်တွင် နမ့်ဆီးရီးချောင်းမှ ထွက်လာကြရာ နံနက် ၁၀းဝဝ နာရီဝန်းကျင် မြို့လယ်ဘုရား (ပန်ပွဲ)သို့ရောက်ရှိလာကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပါ၀င်ခဲ့သူ စိုင်းအိုက်ထွန်း က ဆိုသည်။
စိုင်းအိုက်ထွန်းက “ပါ၀င်ဆန္ဒပြတဲ့လူ ဦးရေ ၃၀၀၀ ကျော်တယ် ၊ ထမင်းထုပ် ၂၆၀၀ ပြင်ထားတာ မလောက်ဘူးလေ။ ထပ်မှာရတာ၊ လမ်းတလျှောက်မှာ ရေသန့်နဲ့အချိုရည် အလှူရှင်တွေရှိတယ်၊ ဒီပွဲမှာ ကျနော်ကိုယ်တိုင် ပါ၀င်ခွင့်ရတဲ့အတွက် အရမ်းပဲဝမ်းသာကျေနပ်မိပါတယ် ” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်သူများ မြို့လယ်ဘုရား (ပန်ပွဲ) ရောက်ရှိချိန် သျှမ််းပြည်နယ်အသီးသီးမှ လယ်သမားခေါင်း ဆောင်များနှင့် နမ့်ခမ်းမြို့မှ လယ်သမားခေါင်းဆောင်များ - နမ့်ဆီးရီးချောင်းဦး၌ ကုမ္မဏီများမှ သတ္တုတူးဖော် မှုကြောင့် လယ်ယာမြေပျက်စီး ဆုံးရှုံးခဲ့ရ သည့်အကြောင်း ကိုပြောကြားခဲ့ကြောင်း၊ ဆန္ဒထုတ်ဖော်သူများ မြို့လယ် ဘုရားတွင် ရောက်ရှိနေချိန် ဆန္ဒထုတ်ဖော်ရေး ခေါင်းဆောင် ရ ဦးအနက် ၅ ဦးမှာ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးဇော်မင်းထံသွားရောက်ပြီး- ဒေသခံလယ်သမားများ၏ တောင်းဆိုချက်များကို ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ဆန္ဒထုတ်ဖော်ရေး ကော်မတီဝင်လူငယ် စိုင်းပီးက ဆိုသည်။
စိုင်းပီးက “ကျနော်တို့ ခေါင်းဆောင် ၅ ဦးနဲ့ သျှမ်းမီဒီယာအဖွဲ့များက ထွေအုပ်ရုံးကို သွားပြီး အုုပ်ချုပ်ရေးမှူး ဦးဇော်မင်း ကိုတွေ့ခွင့်တောင်းတယ်၊ ဦးဇော်မင်းနဲ့ မတွေ့လိုက်ရဘူး။ မူစယ်ဘက် ခရီးထွက်တယ်လို့ ရုံးဝန်ထမ်းတွေ က ပြောတယ်၊ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ဘဲ တွေ့ဆုံခဲ့ရတယ်၊ ပြည်သူလူထုအတွက် အရေးကြီးတဲ့နေ့ မှာမှ သူက ရုံးမှာမနေဘူးဆိုတော့ တမင်သက်သက် တိမ်းရှောင် နေတာလား လို့ ကျနော်တို့အတွက် တွေးစရာပေါ့ ” ဟု ပြောသည်။
ဆန္ဒထုတ်ဖော်ပွဲကို မွန်းတည့် ၁၂းဝဝ နာရီတွင် ငြိမ်းချမ်းစွာရုပ်သိမ်းနိုင်ခဲ့ကြောင်း၊ ညနေ ၃ နာရီတွင်မူ ဆန္ဒပြ ခေါင်းဆောင်များအား ထွေအုပ်ရုံးမှ ခေါ်ယူတွေ့ဆုံကာ သတ္တုတူးဖော်ရေးကုမ္မဏီများအား တူးဖော်မှုမှ ရပ်ဆိုင်းရန် မြို့နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်လက်မှတ်ရေးထိုးထားသည့် သြဂတ်စ်လ ၃၁ ရက် ရက်စွဲပါ ညွှန်ကြားထားသည့် စာတစောင်ကိုပေးအပ်လိုက်သဖြင့် ဆန္ဒပြခေါင်းဆောင်များ နားမလည်နိုင် ဖြစ်နေသည်ဟု ၎င်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
မည်သို့ပင်ဆိုစေ သက်ဆိုင်ရာအာဏာပိုင်၏ ညွှန်ကြားစာအတိုင်း ကုမ္မဏီများမလိုက် လျောပေးပါက ဆန္ဒ ထုတ်ဖော်ပွဲများ ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း ဒေသခံ လယ်သမားများကပြောဆိုနေကြသည်။
နမ့်ခမ်းမြို့ အရှေ့တောင်ဘက် ၅ မိုင်ခန့်ရှိ အဆိုပါ သတ္တုတွင်းစီမံကိန်းမှာ ပြည်ပစီးပွားရေး လုပ်ငန်းရှင်များက ဒေသခံများ၏အမည်သုံး၍ တူးဖေါ်နေသည်မှာ ပုဂ္ဂလိက ကုမ္မဏီများနှင့် ဒေသတွင်း ပြည်သူ့စစ် တပ်ဖွဲ့ပိုင် ကုမ္မဏီတို့ဖြစ်သည်ဟုလည်း နီးစပ်သည့် ပုဂ္ဂိုလ်များက ပြောသည်။