အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဒဂုံတက္ကသိုလ် ကျောင်းသားတို့ မပါ၀င်ရန် နည်းမျိုးစုံဖြင့် တားမြစ်

အမျိုးသားပညာရေးဥပဒေ ဆန္ဒပြမှု ဒဂုံတက္ကသိုလ် ကျောင်းသားတို့ မပါ၀င်ရန် နည်းမျိုးစုံဖြင့် တားမြစ်
by -
မဇ္စျိမ

အမျိုးသားပညာရေးဥပဒေမူကြမ်းပါအချက်များကို ကန့်ကွက်ဆန်္ဒပြရာတွင် ဒဂုံတက္ကသိုလ် ကျောင်းသားများ ပါ၀င်ခွင့်မရစေရန် တက္ကသိုလ်ဆရာ၊ ဆရာမများက စက်တင်ဘာ ၂ ရက်တွင် နည်းမျိုးစုံဖြင့် တားမြစ်ခဲ့သည်ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနန်းလွင်က မဇ္စျိမကို ပြောသည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေမူကြမ်းပါ အမျိုးသားပညာရေး ကော်မရှင်နှင့် အဆင့်မြင့် ပညာ ပေါင်းစပ်မှုကော်မတီတို့သည် တက္ကသိုလ်များ၏ လွတ်လပ်စွာ စီမံခွင့်၊ လွတ်လပ်စွာ သင်ယူခွင့်၊ သင်ကြားခွင့် ပိတ်ပင်နေပြီး အဆိုပါအဖွဲ့နှစ်ခုက ကျောင်းများ ပိတ်ခြင်း၊ ဖွင့်ခြင်းများကို လုပ်ပိုင်ခွင့်ရှိခြင်း၊ လိုအပ်သလို ဆောင်ရွက်ခွင့်ပြုသည့် အာဏာပေးထားခြင်း၊ အဖွဲ့၏ဆုံးဖြတ်ချက်များ မှားယွင်းပါက တာဝန်ယူမည်ဟူသော စည်းကမ်းချက်များ မပါခြင်းကြောင့် ကန့်ကွက်ရသည်ဟု ဆရာ၊ ဆရာမများသမဂ္ဂဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက ဆိုသည်။

against-education-law

ဒဂုံတက္ကသိုလ် ပရိ၀ုဏ်အတွင်းသို့ ဒဂုံတက္ကသိုလ်ကျောင်းသားများမှအပ အခြားမည်သူမှ ၀င်ခွင့်မရရန် ကျောင်းဝင်ပေါက် လုံခြံုရေးက ဟန့်တားခြင်း၊ တက္ကသိုလ်တွင်း စာသင်ဆောင် ၄၀ မှ ကျောင်းသူ၊ ကျောင်းသားများ ဆန္ဒထုတ်ဖော်ရာတွင် မပါ၀င်စေရန် တံခါးများ ပိတ်ထားခြင်း၊ တံခါးဝများတွင် ဆရာ၊ ဆရာမများ စောင့်ကြပ်ကြည့်ရှုခြင်း၊ အချို့သော ဆရာ၊ ဆရာမများမှာ ဆန္ဒပြမှုတွင် မပါလျှင် သင်ယူမှု အားနည်းသည့် ဘာသာရပ်များကို ပြောစေပြီး စာမေးပွဲအောင်ရန် လုပ်ဆောင်ပေးမည်ဟူသော မက်လုံးပေးမှု များပြုလုပ်ခြင်းရှိသည်ဟု ဆန္ဒထုတ်ဖော်ရာတွင် ပါ၀င်သည့် ကျောင်းသားတို့က ဆိုသည်။

ဒဂုံတကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုနန်းလွင်က “ပါချုပ်ကိုယ်တိုင်က ဒဂုံတက္ကသိုလ် ကျောင်းသား မဟုတ်ရင် မဝင်ရဘူး ပြောပါတယ်။ ကျောင်းသား အခွင့်အရေးရော၊ လူ့အခွင့် အရေးကိုရော ပိတ်ပင်ခြင်း ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာ ကျောင်းသား မဟုတ်တဲ့သူ ဆွဲမထုတ်ဘဲ ဆန္ဒပြတဲ့ ကျောင်းသားတွေကို စာသင်ခန်းထဲ ကျောင်းပရိ၀ုဏ်ထဲ မဝင်ရဘူးလို့ ဟန့်တားပြောဆိုမှုတွေလုပ်ပါတယ်။ အဆိုးဆုံးက ဆရာအချို့က ဆန္ဒပြပွဲထဲ မပါရင် အမှတ်နည်းတဲ့ ဘာသာရပ် လုပ်ပေးမယ်လို့ အပေးယူလုပ်တာတွေ လုပ်လာကြတယ်”ဟု ပြောသည်။

ဆန္ဒပြမှုတွင် ရန်ကုန်စီးပွားရေးတက်္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ရေကြောင်းတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်စသည့် တက္ကသိုလ် ကိုးခုမှ ကျောင်းသား ၁၀၀ ကျော် ဆန္ဒပြခဲ့သည်။