စစ်ကိုင်းမြို့တွင် အမျိုးသားပညာရေးဥပဒေမူကြမ်း ပြင်ဆင်ရန်နှင့် ဖျက်သိမ်းရန်အတွက် စက်တင်ဘာ ၁ ရက်က ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသား(၄)ဦးကို ပုဒ်မ ၁၈ ဖြင့် ထိုရက်ကပင် စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဉာဏ်သောင်းက အမှုဖွင့် အရေးယူလိုက်သည်ဟု သိရသည်။
"ကျွန်တော်တို့ကို တရားစွဲဆိုတယ်ဆိုတာ ကြားတယ်။ တရားဝင်အကြောင်းကြားလာ တာတော့ မရှိသေးဘူး။ ရင်ဆိုင်သွားမယ်။ ဆက်ပြီးတော့လည်း ဆန္ဒပြနေဦးမှာပါ။ ဆန္ဒပြနေတဲ့အချိန်ကတော့ တားဆီးတာမလုပ်ဘဲ ပွဲပြီးမှအခုလိုအရေးယူနေတာတွေက မကောင်းဘူး"ဟု စစ်ကိုင်းခရိုင် ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌ ကိုမင်းထက်စိုးက မဇ္ဈိမ ကိုပြောသည်။
ဆန္ဒပြကျောင်းသူကျောင်းသားများကို စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဉာဏ်သောင်းက တရားပြုလုပ် တိုင်ကြားထားသောကြောင့် ပ/၃၆၇ ၊၂၀၁၄၊ ပုဒ်မ ၁၈ဖြင့် တရားစွဲဆိုထားသည်ခြင်း ဖြစ်သည်။
အဆိုပါ ကျောင်းသားများသည် စက်တင်ဘာ ၁ ရက် နံနက် ၁၁ နာရီအချိန်မှ စတင်၍ စစ်ကိုင်းနည်းပညာ တက္ကသိုလ်၊ စစ်ကိုင်း သမဝါယမတက္ကသိုလ်နှင့် စစ်ကိုင်းတက္ကသိုလ်ကျောင်းများ ရှေ့တွင် လူစုလူဝေးဖြင့် အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
တရားစွဲဆိုခံထားရသော ကျောင်းသားကျောင်းသူများမှာ ကိုမင်းထက်စိုး၊ ကိုနိုင်လင်း၊ ကိုနွေဦးကို၊ မအိသဥ္ဇာအောင် ဖြစ်သည်။
အမျိုးသားပညာရေးဥပဒေမူကြမ်းကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲများကို ကန့်ဘလူမြို့ နည်းပညာတက္ကသိုလ် တွင် သြဂုတ်လ ၁၃ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် ဇူလိုင်လ ၂၁ ရက်နှင့် သြဂုတ်လ ၂၇ရက်တို့တွင်လည်းကောင်း၊ ကျောက်ဆည်မြို့ နည်းပညာတက္ကသိုလ်တွင် ဇူလိုင်လ ၃၀ရက် ၌လည်းကောင်း၊ မုံရွာမြို့ မုံရွာတက္ကသိုလ်တွင် သြဂုတ်လ ၂၄ ရက်နှင့် ၂၉ ရက်တို့တွင်လည်းကောင်း ပြုလုပ်ခဲ့ကြသည်။