လူမျိုးစုအရေး အငြင်းပွားမှု ဖြေရှင်းရန် ညီလာခံကျင်းပမည်

လူမျိုးစုအရေး အငြင်းပွားမှု ဖြေရှင်းရန် ညီလာခံကျင်းပမည်
by -
မဇ္စျိမ

ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် လူမျိုးစု သတ်မှတ်ချက် အငြင်းပွားမှုများ ဖြေရှင်းရန် တိုင်းရင်းသားအားလုံး ပါ၀င်သည့် ညီလာခံတစ်ရပ် ၂၀၁၅ ခုနှစ်၊ မေလအတွင်း ပြုလုပ်မည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က မဇ္ဈိမကို ပြောသည်။

“မေလမှာ စလုပ်မှာဖြစ်တဲ့အတွက် ၂၀၁၅၊ မေလမှာ ထုတ်ပြန်မယ့် စာရင်း (မူလစီစဉ်ထားသည့် အပြည့်အစုံ ပါသည့် သန်ခေါင်စာရင်း) မှာ လူမျိုးစာရင်းပါမှာ မဟုတ်ဘူး။ တိုင်းရင်းသားအဖွဲ့တွေကြား ကျေနပ်မှုရှိတဲ့အထိ ဆွေးနွေးမှာဖြစ်တယ်။ အဲဒီအတွက် ပြီးတဲ့အချိန်မှ ထုတ်ပြန်မယ်”ဟု ၎င်းက ပြောသည်။

Ethnic-Palaung-women

ယင်းညီလာခံတွင် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၊ တိုင်းရင်းသားရေးရာ သန်းခေါင်စာရင်းကော်မတီများ၊ လွှတ်တော်တို့၏ တိုင်းရင်းသားရေးရာ ကော်မတီများ၊ ယဉ်ကျေးမှုပညာရှင်၊ သက်ဆိုင်ရာ လူမျိုးစုခေါင်း ဆောင်များ အားလုံးပါ၀င်ရန် စီစဉ်မည်ဖြစ်ပြီး အားလုံးလက်ခံသည့် စာရင်းရရန် ကြိုးပမ်းခြင်းဖြစ်သည်။

တိုင်းရင်းသားအချို့ကမူ ၁၉၈၃ ခုနှစ်၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ခံအပြီး ဖြစ်ပွားခဲ့သည့် အငြင်းပွားမှုများကို နမူနာယူ၍ ယခုတစ်ကြိမ် သတ်မှတ်ရာတွင် သင့်လျော်မည့် နည်းလမ်းရွေးချယ်ရန် လိုသည်ဟု ထောက်ပြသည်။

“မျိုးနွယ်စုတွေခွဲတဲ့အခါကျတော့ အရင်တိုင်းရင်းသားတွေရဲ့ စည်းလုံးမှုက လျော့လာတယ်။ ၁၉၈၃ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ ပလောင်၊ ဓနု၊ ပအိုဝ်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းသွားတာ ရှမ်းပြည်ကြီးက အရင်ကထက် ပိုပြီး အစိတ်စိတ်ကွဲသွားသလို၊ ကျန်တဲ့သူတွေနဲ့ သူတို့ကြားထဲမှာလည်း ရန်စောင်မှုတွေတောင် ရှိလာခဲ့သလို ဖြစ်ခဲ့ကြတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က မဇ္ဈိမကို ပြောသည်။

၎င်းက သန်းခေါင်စာရင်းရလဒ်အပေါ် အခြေခံ၍ နိုင်ငံရေးအသုံးချမှုများဖြစ်ပေါ်လာနိုင်ခြင်းကို ရှောင်လွှဲနိုင်ရေး နည်းလမ်းရှာရန် အကြံပြုခြင်းဖြစ်သည်။ ယင်းကို ရခိုင်အမျိုးသားပါတီခေါင်းဆောင် အမျိုးသားလွှတ်တော် အမတ် ဒေါက်တာအေးမောင်ကလည်း ထောက်ခံခဲ့ပြီး အတိတ်သင်ခန်းစာများကို သုံးသပ်သင့်သည်ဟု ပြောသည်။

လက်ရှိဖွဲ့စည်းပုံအရ တိုင်း၊ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ/တိုင်းတစ်ခုချင်းစီတွင် လူမျိုးစုတစ်ခုသည် စုစုပေါင်းလူဦးရေ၏ ၀ ဒသမ ၁ ရာခိုင်နှုန်း အထက်ရှိပါက အစိုးရအဖွဲ့အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်လည်းကောင်း သက်ဆိုင်ရာ လူမျိုးစုကို ကိုယ်စားပြုခွင့်ရ ယူနိုင်သည်၊ ထို့ကြောင့် လူမျိုးစုများအကြား အငြင်းပွားမှုများ ဖြစ်လာမည်ကို အချို့က စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျွန်တော်တို့ကတော့ ၈၃ တုန်းကဟာရယ် အခုကောက်လို့ရတဲ့ တိုင်းရင်းသား အင်အားရှိသလောက် တင်ပေးမယ် နိုင်ငံရေးအရ ဖြေရှင်းသင့်တာကိုတော့ နိုင်ငံခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားခေါင်း ဆောင်တွေကပဲ ရှင်းကြမှာပါ”ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးဦးမြင့်ကြိုင်က ပြောသည်။

တိုင်းရင်းသားရေးရာ သန်းခေါင်စာရင်းကော်မတီများ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းအိုက်ဇက်ခင်ကမူ ကောက်ယူပြီးခဲ့သည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းတွင် ဦးနေဝင်းအစိုးရလက်ထက် သတ်မှတ် ထားသည့် ၁၃၅ မျိုးသော မျိုးနွယ်စုများကိုသာ အခြေခံထားခြင်း၊ စာလုံးပေါင်းသတ်ပုံ လွဲမှားခြင်းတို့ကြောင့် ပြည့်စုံမှုမရှိဟု သုံးသပ်သည်။

“လွှတ်တော်တိုင်းရင်းသားရေးရာကော်မတီက သန်းခေါင်စာရင်းမှာ တိုင်းရင်းသားမျိုးနွယ်စုတွေ အကျပ် အတည်းဖြစ်နေတာကို ဘယ်လောက်ပါ၀င်ပြောခဲ့တာရှိလဲ။ လွှတ်တော်ထဲက ကိုယ်စားလှယ်တွေကရော တိုင်းရင်းသားရေး ကိုယ်စားပြုတာ ဘယ်လောက်ရှိသလဲ။ တိုင်းရင်းသားအမတ်တွေကရော ဘယ်လောက် ဆောင်ရွက်ပေးတာရှိလဲ ဒါတွေက စဉ်းစားစရာတွေပါ”ဟု ၎င်းက ဆိုသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ကြီးဦးခင်ရီက ညီလာခံတွင် တိုင်းရင်းသားရေးရာကော် မတီများ ပါ၀င်မည်ဖြစ်သော်လည်း လွှတ်တော်၏ အခန်းကဏ္ဍကို မဆုံးဖြတ်ရသေးဟု သြဂုတ် ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူအပြီးတွင် လူမျိုးစု ၁၇၀ ကျော်အထိ အကြမ်းဖျင်းတွေ့ရှိထားသည်ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူး ဦးမြင့်ကြိုင်က ဆိုထားသည်။ ထုတ်ပြန်ပြီးသည့် ရှေ့ပြေး သန်းခေါင်စာရင်းတွင် မြန်မာနိုင်ငံ လူဦးရေ ၅၁ သန်းကျော် ရှိသည်။

Most read this week