ပီအာရ်စနစ် ကန့်ကွက်လက်မှတ် မြို့နယ်အချို့ ထပ်တိုးကောက်မည်

ပီအာရ်စနစ် ကန့်ကွက်လက်မှတ် မြို့နယ်အချို့ ထပ်တိုးကောက်မည်
by -
မဇ္စျိမ

အနာဂတ် အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများတွင် ကျင့်သုံးရန်ဥပဒေကြမ်းရေးဆွဲနေသည့် အချိုးကျ ကိုယ်စားပြုစနစ် (ပီအာရ်) ကို ကန့်ကွက်လက်မှတ်ရေးထိုးသည့် လှုပ်ရှားမှုအတွက် မြို့နယ်အချို့ ထပ်တိုး ကောက်ခံသွားမည်ဟု ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်၏ တွဲဖက်တာဝန်ခံ ကိုမြတ်ကျော်က သြဂုတ် ၃၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပီအာရ်စနစ် ကန့်ကွက်သည့် လက်မှတ်ရေးထိုးလှုပ်ရှားမှုကို သြဂုတ် ၂၈ ရက်က စတင်လိုက်ခြင်းဖြစ်ကာ ယခင်သတ်မှတ်ထားသည့် မြို့နယ်များအပြင် ဒေါပုံ၊သာကေတ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်နှင့် မရမ်းကုန်းမြို့နယ်များတွင်လည်း ထပ်မံကောက်ခံသွားမည်ဟု ၎င်းက ဆိုသည်။

Against-PR-signatures-collection

ကိုမြတ်ကျော်က “ပီအာရ်စနစ်ကို လွှတ်တော်က အာဏာရပါတီအင်အားနဲ့ အတည်ပြုလိုက်လို့ တိုင်းပြည်မှာ တစ်ခုခုဖြစ်ပေါ်ခဲ့မယ်ဆိုရင် ပြည်သူလူထုက ပီအာရ်စနစ်ကို ကန့်ကွက်ထားပါတယ်ဆိုတာ ဒီလက်မှတ်တွေက သက်သေအဖြစ် ရှိသွားမှာပါ” ဟု ပြောသည်။

ယခင်က လက်မှတ်ကောက်ခံရန် သတ်မှတ်ထားသော မြို့နယ်များမှာ ဗိုလ်တထောင်၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပနှင့် ဒဂုံမြို့နယ်တို့ဖြစ်သည်။

ပီအာရ်ကန့်ကွက်လက်မှတ်ကို သြဂုတ် ၂၈ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် စတင်ကောက်ခံခဲ့ပြီး စက်တင်ဘာ ၁၀ ရက်အထိ ကောက်ခံသွားမည်ဖြစ်သည်။

ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေးကွန်ရက်မှ ကိုသန်းစိုးက “ဒဂုံဆိပ်ကမ်းမှာ ရပ်ကွက်တစ်ခုတည်းမှာတင် ကန့်ကွက်လက်မှတ်ထိုးသူ ၁၀၀ကျော်အထိ ရနေပြီ၊ ပီအာရ်နဲ့ ပတ်သက်ပြီး လူငယ်ပိုင်းက နားလည်သူ ရှားတယ်။လူကြီးပိုင်းကတော့ ရွေးကောက်ပွဲစနစ်ဟောင်းနဲ့ယှဉ်ပြီး ပီအာရ်ရဲ့ အားနည်းချက်ကို သိထားကြတယ်။ လူငယ်ပိုင်းတော့ ပီအာရ်အကြောင်း ရှင်းပြပေးရတာ များတယ်”ဟု ပြောသည်။

ပီအာရ်စနစ်ကန့်ကွက်လှုပ်ရှားမှုကို တစ်အိမ်တက်ဆင်းလိုက်လံကောက်ခံခြင်းဖြစ်ပြီး လက်ရှိတွင်လက် မှတ်ကောက်ခံမည့် လူအင်အားနည်းနေသဖြင့် နိုင်ငံရေးစိတ်ပါ၀င်စားသူ ပြည်သူများကိုသာ အဓိကထား ကောက်ခံလျက်ရှိနေသည်။

ပီအာရ်စနစ်နှင့် ပတ်သက်ပြီး သိရှိသူနည်းပါးသဖြင့် စနစ်နှင့် ပတ်သက်၍ ရှင်းပြထားသည့် လက်ကမ်းစာ စောင်များ ဝေငှခြင်း၊ ကွန်ရက်အဖွဲ့ဝင်များက ရှင်းပြခြင်းများကိုလည်း ဆောင်ရွက်ပေးနေသည်ဟု ကိုမြတ်ကျော်က ပြောသည်။

ရရှိလာသည့် လက်မှတ်များကို လာမည့် စက်တင်ဘာတွင် စတင်မည့် ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းမည်ဖြစ်သည့်အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပီအာရ်စနစ်ကို ကန့်ကွက်သည့် တိုင်းရင်းသားပါတီများထံသို့ ပေးပို့မည်ဖြစ်သည်ဟုလည်း ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေးကွန်ရက်က ပြောထားပြီး ဖြစ်သည်။

Most read this week