နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် တတ်အားသရွေ့ဆောင်ရွက်နိုင်ရေးအတွက် အမိနိုင်ငံသို့ ပြန်လည် လာရောက်ရန် ဦးသိန်းစိန် ပြန်ခေါ်သူများထဲမှ နိုင်ငံသားပြန်လည်လျှောက်ထားသူ ၁၆၈ ဦးရှိပြီး ယင်းတို့အနက် ၆၈ ဦးကို သမ္မတက ခွင့်ပြုပေးထားသည်ဟု မြန်မာနိုင်ငံရှေ့ပြေး လူဦးရေစာရင်းထုတ်ပြန်သည့် သြဂုတ်လ ၃၀ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။
“ပြန်လျှောက်တဲ့သူတွေက သူတို့ ထွက်သွားစဉ်က အမှုတွေနဲ့ပတ်သက်ပြီးတော့ ပြန်ပြီ းစိစစ်မှုတွေ ယူရတာပေါ့။ ရာဇဝတ်မှုဆိုရင်လည်း ပြည်ထဲရေးကနေပြီး စိစစ်ပြီးတော့မှ နိုင်ငံသားအဖြစ် ပြန်လည်ခွင့်ပြုပါတယ်”ဟု ၎င်းက ဆိုသည်။
ဦးသိန်းစိန်အစိုးရ တက်ရောက်လာပြီးနောက် ၂၀၁၂ ခုနှစ်အတွင်း စစ်အစိုးရခေတ်က အမည်ပျက် ကြေညာထားသူများထဲမှ အချို့ကို စာရင်းမှ ပယ်ဖျက်ပြီး နိုင်ငံတွင်းသို့ ပြန်လာရန် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
သမ္မတဦးသိန်းစိန်ထောက်ခံချက်ဖြင့် နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများတွင် ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးမြင့်ဆွေ၏ သားလည်းပါ၀င်ပြီး ခွင့်ပြုထားပြီးပြီ်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ အမည်မဖော်လိုသူ အရာရှိတစ်ဦးက ဆိုသည်။
နိုင်ငံသားအဖြစ် ပြန်လည်လျှောက်ထားသူများထဲတွင် ၁၉၈၈ နောက်ပိုင်း၌ ရန်ကုန်တိုင်းအတွင်းမှ ထွက်ခွာသွားသူ ၄၀ ကျော်ပါ၀င်ပြီး ကျန်ဦးရေသည် အခြားတိုင်းနှင့် ပြည်နယ်များမှဖြစ်သည်ဟု ၀န်ကြီးဌာနစာရင်းများက ဆိုသည်။
“ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကပဲ သမ္မတရုံးကို တင်ရမယ်ဆိုလို့ တင်ခဲ့တယ်။ အဲဒါပြီးရင် လဝကနဲ့ ပြည်ထဲရေးမှာ စိစစ်ခံရဦးမယ်။ နိုင်ငံသားပြန်လျှောက်တာကို ၂၀၁၂ လောက်ကတည်းက သွားလိုက်ပြန်လိုက်လုပ်ပြီး လျှောက်နေတာပါ။ အခုထိ မပြီးသေးပါဘူး”ဟု အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ခဲ့သဖြင့် မြန်မာနိုင်ငံသားအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသူ ဦးသန်းဝင်းထွဋ်က ဆိုသည်။
၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပုဒ်မ ၁၆ တွင် မြန်မာနိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင်ထွက်ခွာ လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်ဟု ပါရှိသည်။