သိမ်းဆည်းမြေ ပြန်ပေးမည် မဟုတ်ဘဲ လိုအပ်ပါက လက်နက်သုံး ဖြေရှင်းမည်ဟုဆို

သိမ်းဆည်းမြေ ပြန်ပေးမည် မဟုတ်ဘဲ လိုအပ်ပါက လက်နက်သုံး ဖြေရှင်းမည်ဟုဆို
by -
မဇ္စျိမ

လွိုင်ကော်မြို့နယ်၊ ဆိုလျားကူးကျေးရွာရှိ အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှ သိမ်းယူထားသည်ဟုဆိုသော လယ် ယာမြေများ ပြန်ပေးမည် မဟုတ်သည့်အပြင် လိုအပ်ပါက လက်နက်သုံးဖြေရှင်းမည်ဟု ဒေသကွပ်ကဲရေးမှူး စစ် ဦးစီးချုပ်က လယ်သမားများကို ခေါ်ယူပြောဆိုခဲ့သည်ဟု ဒေသခံတောင်သူ ကိုတူရယ်က ပြောသည်။

အမှတ် ၅၃၁ ခြေမြန်တပ်ရင်း ရုံးခန်းတွင် ဩဂုတ် ၂၉ရက်က ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ်က ပြောဆိုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ ကျွန်တော်တော့ ဝင်ဆွေးနွေးခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် သူတို့က လယ်ယာမြေတွေကို ပြန်မပေးဘူးလို့ ပြောတဲ့ အပြင် လိုအပ်ရင် လက်နက်အင်အားသုံးဖြေရှင်းမယ်လို့ သွားဆွေးနွေးတဲ့သူတွေကို ပြောပါတယ်” ဟု ကိုတူရယ်က ပြောသည်။

ထိုဆွေးနွေးပွဲသို့ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးကော်မတီအဖွဲ့ဝင်ဖြစ်သည့် ဦးဆူရယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူ း၊ ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြေတိုင်းစာရင်းရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

အဆိုပါ သိမ်းဆည်းခံလယ်ယာမြေများများ၏ နယ်စပ်တွင် အကျယ် ၃ပေ၊ အနက် ၄ပေခန့်ရှိ တူးမြောင်းကို နယ်မြေ ကန့်သတ်သည့်အနေဖြင့် စစ်တပ်ဘက်က တူးဖော်ထားသည့်အတွက် ဆိုလျားကူးကျေးရွာအုပ်ချုပ် ရေးမှူးကိုယ်တိုင် ဩဂုတ် ၂၆ ရက်က ခရိုင်အုပ်ချုပ်ရေးမှူးထံ ကန့်ကွက်စာ ပေးပို့ခဲ့သေးသည်။

ယခုကဲ့သို့ သိမ်းဆည်းမြေများအား ပြန်မပေးမည့်အပြင် လိုအပ်ပါက လက်နက်သုံးဖြေရှင်းမည်ဟု ပြောဆိုမှု အပေါ် ဒေသခံလယ်သမား တစ်ထောင်ကျော်က လက်မှတ်ထိုးကာ ဒေသကွပ်ကဲရေးမှူး စစ်ဦးစီးချုပ် ပြောဆိုခဲ့ သည့် အကြောင်းအရာကို စာရေးပြီး ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့မည်ဟု ဆိုသည်။

တောင်သူများအနေဖြင့် ဘိုးဘွားပိုင်လယ်မြေပြန်လည်ရရှိရန် မေလ ၂ဝ ရက်စွဲဖြင့်သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဖြေရှင်းပေးရန် အကူအညီတောင်းခံစာပေးပို့ခြင်း၊ မေ၂၅ ရက်တွင် လူဦးရေ ၄ဝဝ ခန့်ဖြင့် လယ် ယာမြေများပြန်လည်ရရှိရန် ဘာသာရေးအရ ဝတ်ပြုဆုတောင်းမှုပြုလုပ်ခြင်း၊ မေ ၂၇ ရက်က လူအင်အား ၃ဝဝခန့်ဖြင့် ထွန်တုံးတိုက်ပွဲဝင်ခြင်းတို့ ပြုလုပ်ခဲ့သေးသည်။