ပီအာရ်စနစ်ဆိုတာ ဘာလဲ

ပီအာရ်စနစ်ဆိုတာ ဘာလဲ
by -
မဇ္စျိမ

အချိုးကျကိုယ်စားပြုစနစ် (Proportional Representation, PR System)  ကို အောက်ပါအတိုင်း အမျိုးအစားသုံးမျိုး ခွဲခြားကျင့်သုံးလေ့ရှိသည်ကို တွေ့ရသည်။

(၁) ပါတီအလိုက် အမည်စာရင်းကို မူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (List Proportional Representation System)

ယင်းစနစ်သည် ပါတီကိုသာ မဲပေးရွေးချယ်ရခြင်းဖြစ်ပြီး ပီအာရ်တွင် အသုံးအများဆုံးလည်းဖြစ်သည်။ ပါတီများသည် မဲဆန္ဒနယ်မြေတစ်ခုချင်းစီအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းကို တင်သွင်းစရာမလိုဘဲ ကိုယ်စားလှယ်အဖြစ် လျာထားသူများကိုသာ အမည်စာရင်းထုတ်ပြန်ပေးရသည်။ မဲဆန္ဒရှင်များက မဲပေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များကို မဲပေးခြင်းမဟုတ်ဘဲ ပါတီ၏ မူဝါဒနှင့် ပါတီကလျာထားသည့် ကိုယ်စားလှယ်စာရင်းကို ကြည့်၍ ပါတီကိုသာ မဲပေးရခြင်းဖြစ်သည်။

ရွေးကောက်ပွဲပြီးမှ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပါတီအလိုက်ရရှိသော လူထုထောက်ခံမှု မဲအရေအတွက်ပေါ် မူတည်ပြီး ပါတီများရသင့်သည့် ကိုယ်စားလှယ်နေရာ ရာခိုင်နှုန်းကို ခွဲဝေပေးရခြင်း ဖြစ်သည်။ ယင်းကိုယ်စားလှယ်ရာခိုင်နှုန်းအတိုင်း ပါတီများ၏ ကိုယ်စားလှယ်လျာထားစာရင်းမှ ဦးစားပေးအဆင့်အတိုင်း လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ရသည်။ ပါတီများသည်လည်း ကိုယ်စားလှယ် ရွေးချယ်ခွင့်ရရေးအတွက် အနည်းဆုံးလိုအပ်သော လူထုထောက်ခံမှုရာခိုင်နှုန်းပြည့်မီရန် လိုအပ်ပါသည်။

ယင်းစနစ်အားနည်းချက်မှာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု နည်းပါးခြင်း ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများကလည်း သက်ဆိုင်ရာမဲဆန္ဒနယ်မြေရှိ ပြည်သူများ၏ အခက်အခဲ၊ လိုအပ်ချက်များကို ကူညီဖြေရှင်းပေးရန်ထက် ပါတီ၏ လျာထားစာရင်းတွင် ပါ၀င်ရေးကိုသာ အာရုံစိုက် လုပ်ဆောင်တတ်ကြသည်။ ထို့ပြင် မဲဆန္ဒရှင်များ မကြိုက်နှစ်သက်သည့် လွှတ်တော်ကိုယ်စားလှယ်များကို ဖယ်ရှားနိုင်သည့် အာဏာသည်လည်း ပြည်သူ့ထံတွင်မရှိဘဲ ပါတီထိပ်ပိုင်းခေါင်းဆောင်များတွင်သာ ရှိနေသည်။ ယင်းစနစ်သည် ဘာသာရေးအစွန်းရောက်ပါတီများကိုလည်း လွှတ်တော်အတွင်း ပါ၀င်နိုင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ပါတီကို ထောက်ခံသူ အနည်းငယ်ရှိရုံဖြင့် လွှတ်တော်အတွင်း အမြဲတမ်း ပါ၀င်ခွင့်ရနေမည်ဖြစ်သည်။ အဆိုးဆုံးအချက်မှာ ဤစနစ်ကြောင့် လွှတ်တော်အတွင်း ပါတီငယ်အများအပြားပါ၀င်လာပြီး ညွန့်ပေါင်းအစိုးရ ဖွဲ့ရနိုင်သည်။

ထိုအခါ တိုင်းပြည်အတွက် အရေးကြီးသော မူဝါဒများ ချမှတ်ရာတွင်လည်းကောင်း၊ ပြည်သူများ၏ နစ်နာမှုများ၊ ပြဿနာများကို ဖြေရှင်းဖော်ဆောင်နိုင်သော ဥပဒေများရေးဆွဲရာတွင် လည်းကောင်း၊ ပြည်တွင်းစစ်ပွဲများ၊ နယ်စပ်နိုင်ငံများနှင့်ဖြစ်ပွားသော စစ်ပွဲများ၊ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများကြောင့် ခံစားနေရသော ပြည်သူတို့၏ ဒုက္ခဆင်းရဲများကို ငြိမ်းချမ်းပပျောက်စေရန်လည်းကောင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် သဘောတူညီမှု မရနိုင်ဘဲဖြစ်နေတတ်သည်။

အဆိုပါစနစ်အား ကျင့်သုံးနေသည့် အချို့နိုင်ငံများတွင် ကိုယ်စားလှယ်လောင်း အမည်စာရင်း(open list)ကို ထုတ်ပြန်ပြီး အချို့နိုင်ငံများတွင် မထုတ်ပြန်ပါ(closed list)။

(၂) ပေါင်းစပ်ထားသော အချိုးကျ ရွေးချယ်သည့်စနစ် (Mix Member Proportional System)

မဲအများဆုံးရသူ အနိုင်ရသည့်စနစ် (First Past the Post, FPTP) နှင့် အချိုးကျ ကိုယ်စားပြုစနစ် (Propor tional Representation, PR System) တို့မှ ကောင်းကျိုးများအားလုံးကို ရရှိနိုင်အောင် ဖန်တီးထားသော စနစ်ဟု ဆိုသည်။ လွှတ်တော် ကိုယ်စားလှယ်ဦးရေ၏ တစ်စိတ်တစ်ပိုင်းကို FPTP စနစ်ဖြင့် ရွေးကောက်ပြီး ကျန်သည့်အစိတ်အပိုင်းကို ပါတီစာရင်းအရ အချိုးကျစနစ် (PR) ဖြင့် ရွေးကောက်ခြင်းဖြစ်သည်။

ဤစနစ်သည် ကိုယ်စားလှယ်နေရာ ခွဲဝေပေးမှု ရှုပ်ထွေးနိုင်ခြင်း၊ မဲဆန္ဒရှင်များကလည်း နည်းလမ်းနှစ်မျိုးဖြင့် မဲပေးရသည့်အတွက် အမှားအယွင်းများရှိနိုင်ခြင်းတို့ကြောင့် လက်ရှိဒီမိုကရေစီနှင့်ထိတွေ့ကာစ မြန်မာပြည်သူလူထုနှင့် ကိုက်ညီမှု မရှိနိုင်ပေ။ ထို့ပြင် မြန်မာနိုင်ငံရှိ ပြည်သူများသည် နိုင်ငံရေးတွင် ပါ၀င်စဉ်းစားရန် အချိန်မရှိသည့်အပြင် စိတ်ပါ၀င်စားမှုလည်း အလွန်အားနည်းနေသေးသောကြောင့် ပီအာရ်စနစ်ကို ကျင့်သုံးရန်မှာ လုံးဝမဖြစ်နိုင်ချေ။

ဒေသအဆင့်နှင့် နိုင်ငံအဆင့်များတွင် ထိန်းညှိမှုလုပ်ဆောင်ရန် လူဦးရေများသော နိုင်ငံများတွင် အဆိုပါစနစ်ကို အသုံးပြုသည်။ ပထဝီအအခြေအနေ အမျိုးမျိုးရှိသော၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးပုံစံကွဲပြားမှု အမျိုးမျိုးရှိသော နိုင်ငံများတွင် ယင်းစနစ်ကို ကျင့်သုံးသည်။

(၃) လွှဲပြောင်းပေးနိုင်သော မဲတစ်မဲစနစ် (Single Transferable Vote System)

ယခုစနစ်မှာ ပိုမိုရှုပ်ထွေးသည်။ ပါတီများက မဲဆန္ဒနယ်မြေတစ်ခုအတွက် အနိုင်ရနိုင်မည့် ကိုယ်စားလှယ်လောင်းများ အမည်စာရင်းကို နာမည်စာရင်းတင်သွင်းရသည်။ မဲဆန္ဒနယ်မြေတစ်ခုတွင် ကိုယ်စားလှယ် အမြောက်အမြား ၀င်ရောက်ယှဉ် ပြိုင်နိုင်ပြီး ရရှိသည့်မဲများကို တစ်ဦးချင်း အဆင့်ဆင့်ပြောင်းလဲရသော နည်းဖြစ်သည်။ ဥပမာ-ကိုယ်စားလှယ်လောင်း ခုနစ်ယောက်ရှိလျှင် မဲပေးရမည့်အကွက်များမှာ မိမိကြိုက်နှစ်သက်သူ တစ်ဦးထက်မကဘဲ နှစ်သက်ရာ အစဉ်လိုက် မဲပေးရွေးချယ်ခွင့်ရှိသည်။ မဲအများဆုံးရသော ကိုယ်စားလှယ်လောင်းက လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် သေချာနိုင်သော မဲအရေအတွက်ကို ချန်ပြီး ပိုသောမဲများကို ဒုတိယမဲအများဆုံးရသူ၏ မဲစာရင်းတွင် ထည့်ပေါင်းပေးရသည်။

မဲအရေအတွက် အနည်းဆုံးရသောသူကို ဖယ်ထုတ်ပစ်ပြီး ၎င်းတို့ရရှိသော မဲများအားလုံးကို ဒုတိယ၊ တတိယ မဲအများဆုံးရသူများ၏ မဲစာရင်းတွင် ထည့်ပေါင်းရေတွက်ပေးပြီး ရွေးချယ်သောစနစ် ဖြစ်သည်။

ယင်းစနစ်သည် တွက်ချက်မှုစနစ်များ ရှုပ်ထွေးလွန်းသောကြောင့် ကမ္ဘာပေါ်တွင် တစ်နိုင်ငံလုံးအဆင့်အဖြစ် အိုင်ယာလန်နိုင်ငံနှင့် မော်လ်တာနိုင်ငံတွင်သာ အသုံးပြုလျက်ရှိပါသည်။ ဥရောပနိုင်ငံများတွင် အသုံးပြုနေသည့် ပီအာရ်စနစ်ကို ၁၉၇၀ ပြည့်လွန်နှစ်များမှ စတင်၍ လစ်ဘရယ်ဒီမိုကရက်တို့က မဲအများဆုံးရသည့် ကိုယ်စားလှယ်လောင်း အနိုင်ရသည့် FPTP  စနစ်သည် အင်အားကောင်းသော အစိုးရအဖွဲ့များကို မဖွဲ့စည်းနိုင်ကြောင်း ထောက်ပြပြောဆိုမှုများ ရှိနေသည်။

use-in-PR

ကိုးကား

http://faculty.georgetown.edu/
https://www.mtholyoke.edu/
http://www.mizzimaburmese.com/2013-10-20-16-16-07/2013-11-01-01-48-27/it...

Most read this week