ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်

ကယားတွင် မြေမြှုပ်မိုင်း စစ်တမ်းကောက်ရန် ဗြိတိန်အဖွဲ့ နည်းပညာ ကူညီမည်
by -
မဇ္စျိမ

အမေရိကန်အစိုးရ၏ အကူအညီဖြင့် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်း စစ်တမ်းများကောက်ယူနေသော အရပ်ဘက် လူမှုအဖွဲ့အစည်းခြောက်ခုကို ဗြိတိန်နိုင်ငံအခြေစိုက် Mine Advisory Group(MAG) က နည်းပညာ အကူအညီပေးမည်ဟု MAG ဆက်ဆံရေးအရာရှိ သြဂတ်စတင်းက မဇ္ဈိမကို ပြောသည်။

MAG က ပထမဆုံးအဖြစ် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မြေမြှုပ် မိုင်းစစ်တမ်းများ စနစ်တကျ ကောက်ယူရမည့် ပုံစံများနှင့်ပတ်သက်ပြီး ယင်းအဖွဲ့ ခြောက်ဖွဲ့ကို အောက်တိုဘာလအတွင်း သင်တန်းများပေး သွားမည်ဖြစ်သည်။

landmines

“ဒေသခံတွေကို မိုင်းအသိပညာပေးတဲ့ အစီအစဉ်တွေမှာ သူတို့ဘက်က တောင်းဆိုရင် ပေးနိုင်သမျှ အကူအညီပေးမယ်”ဟု သြဂတ်စတင်းက ပြောသည်။

ပထမဆုံးအကြိမ်အဖြစ် ကယားပြည်နယ်အတွင်း မြေမြှုပ်မိုင်းအန္တရာယ် အသိပညာပေးရန်၊ မြေမြှုပ်မိုင်း ဒဏ်ခံရသူများကို ကူညီရန်နှင့် မြေမြှုပ်မိုင်းများရှိ မရှိ စစ်တမ်းများ ကောက်ယူရန် အမေရိကန်အစိုးရက ဒေသတွင်းရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ခြောက်ခုကို ၂၀၁၄ ခုနှစ်၊ မတ်လက အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀ ကူညီထောက်ပံ့ခဲ့သည်။

အဆိုပါငွေကြေးအကူအညီကို ကယန်းမျိုးဆက်သစ် လူငယ်အဖွဲ့၊ ကရင်နီလူငယ်များသမဂ္ဂ၊ ပေးဆပ် အလင်းတန်း၊ ကယားဖူးအဖွဲ့၊ Youth Light Formation Center နှင့် Community Youth Cente ဆိုသော အဖွဲ့များက ရရှိထားခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်၊ ဇွန်လမှ စတင်၍ သက်ဆိုင်ရာနယ်မြေများအလိုက် မြေမြှုပ်မိုင်းထိခံရသူများ၏ အချက်အလက်များ ကောက်ယူခြင်း၊ မိုင်းအန္တရာယ်အသိပေးခြင်း၊ အသက်မွေးမှု အထောက်အပံ့များ၊ ခေါင်းဆောင်မှု သင်တန်းများနှင့် မိုင်းထိခံရသူများ၏ သားသမီးများကို ပညာသင်စရိတ်ကိုလည်း ထောက်ပံ့ပေးနေသည်။

ကယားပြည်နယ်အတွင်း ၂၀၀၆ မှ ၂၀၁၃ ခုနှစ်အထိ မြေမြှုပ်မိုင်းကြောင့် ဒဏ်ရာရသူ ၁၁၂ ဦး၊ ခြေထောက်ပြတ်သူ ၁၀၁ ဦးနှင့် သေဆုံးသူ ၁၁ ဦး ရှိကြောင်း ကရင်နီ လူမှုဖူလုံရေးနှင့် ဖွံ့ဖြိုးရေးပင်မအဖွဲ့ စစ်တမ်းများတွင် ဖော်ပြသည်။ မြန်မာသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်မှု တတိယအများဆုံးနိုင်ငံအဖြစ် Landmine and Cluster Munition Monitor အစီရင်ခံစာက ဖော်ပြထားသည်။