ဥပဒေမဲ့ အလုပ်ထုတ်ပါက အလုပ်ရှင်ကို ငွေဒဏ်အပြင် ထောင်ဒဏ်ပါချမှတ်ရန် သမ္မတမှတ်ချက်ပြုလိုက် ကြောင်း အလုပ်သမား၊ အလုပ်ရှင်အခွင့်အရေး လေ့လာရေးကော်မရှင် အတွင်းရေးမှူး ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က မဇ္ဈိမကို ပြောသည်။
အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ် တော်က အတည်ပြုပြီးသည့်အတွက် သမ္မတက မှတ်ချက်ပြုနိုင်ရန် ပေးပို့ခဲ့ရာ သမ္မတက အထက်ပါအတိုင်း မှတ်ချက်ပြု၍ ပြန်လည်ပေးပို့ခဲ့ခြင်းဖြစ်သည်။
“အလုပ်ရှင်က အလုပ်သမားများကို ဥပဒေမဲ့ အလုပ်ထုတ်ပါက ငွေဒဏ် ကျပ်ငါးသိန်းချမှတ်ရမည့်အပြင် ထောင်ဒဏ်ထည့်သွင်းမှသာ အရေးယူဆောင်ရွက်ရေး ထိရောက်မှုရှိမည်” ဟု သမ္မတက မှတ်ချက်ပြုထားသည်ဟု ၎င်းက ဆိုသည်။
“ပြည်သူ့ဆန္ဒအတိုင်း သမ္မတကြီးက မှတ်ချက်ပေးခြင်းဖြစ်ပါတယ်။ ဒီဥပဒေကို အခန်း(၉)မှာ အလုပ်ရှင်၊ အလုပ်သမား ဥပဒေချိုးဖောက်ရင် ဥပဒေအရအရေးယူနိူင်ဖို့ ငွေဒဏ်ကော၊ ထောင်ဒဏ်ကော နှစ်ရပ်စလုံးချ မှတ်ဖို့ မှတ်ချက်ပြုထားတယ်”ဟု ပြောသည်။
အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် ထောင်ဒဏ်အပြင် ငွေဒဏ်ပါ ထည့်သွင်းထားသော်လည်း ပြည်သူ့လွှတ်တော်က ငွေဒဏ်သာထည့်သွင်းထားခဲ့ပြီး သမ္မတက ထောင်ဒဏ်ပါ ချမှတ်အရေးယူမှသာ ထိရောက်မှုရှိမည်ဟု မှတ်ချက်ပြုထားခြင်းဖြစ်သည်။ လာမည့် ပြည်ထောင်စုလွှတ်တော် ဒသမပုံမှန်အစည်းအဝေးတွင် အဆိုပါမှတ်ချက်ပြုထားသည့် အချက်များကို ထည့်သွင်းပြဋ္ဌာန်းရေး ဆွေးနွေးကြမည်ဖြစ်သည်ဟု ဦးခိုင်မောင်ရည်က ဆိုသည်။
အဆိုပါ ဥပဒေကြမ်းတွင် အခန်းကိုးခန်းပါ၀င်ပြီး အခန်း ၁ မှ ၅ အထိ အလုပ်သမား၊ အလုပ်ရှင်ဆိုင်ရာ အဖွဲ့အစည်းများ အကြောင်းအရာ၊ ပြင်ဆင်ခြင်း၊ အခန်း(၆)မှ အခန်း(၉)အထိ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ ပြန်လည်ပြင်ဆင်ထည့်သွင်းထားသည်ဟု ၎င်းက ဆိုသည်။
ထိုမူလဥပဒေအရ မည်သည့်အလုပ်ရှင်မဆို ပုဒ်မ ၃၈ နှင့် ပုဒ်မ ၃၉ တို့ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းနေရာတွင် ငွေဒဏ်ကျပ် ငါးသိန်းဟူ၍ လည်းကောင်း၊ ငွေဒဏ်တိုးမြှင့်ထားသည့်အပြင် ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်အထိ အရေးယူရန် ဖြည့်စွက်ပြင်ဆင်ထားပြီးလာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ် သည်။
အလုပ်သမားရေးရာခုံသမာဓိကောင်စီ အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင်က “အလုပ်ရှင်က အလုပ်သမား ဘယ်လောက် အလုပ်ဖြုတ်ဖြုတ် ဒဏ်ကြေးက ငါးသိန်းပဲဆောင်ရမှာ။ အဲဒီအတွက် သမ္မတရဲ့ မှတ်ချက်ကလည်း ထောင်ဒဏ်ထည့်သွင်းမှသာ တိကျစွာ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်လို့ မှတ်ချက်ပြုထား ပါတယ်။ တကယ်လည်း ထောင်ဒဏ်ထည့်ဖို့ လိုအပ်ပါတယ်”ဟု ပြောသည်။
မူလ အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးနည်းဥပဒေတွင် အလုပ်ရှင်များက ဥပဒေချိုးဖောက်ပါက ငွေဒဏ်သာ ကျခံစေပြီး ထောင်ဒဏ်ထည့်သွင်းထားခြင်း မရှိပေ။ အလုပ်သမားများက ဆန္ဒပြရာတွင် သက်ဆိုင်ရာက ခွင့်ပြုမှသာ ဆန္ဒထုတ်ဖော်ခွင့် ရှိကြောင်း၊ ခွင့်ပြုချက်မပါဘဲ ဆန္ဒထုတ်ဖော်ပါက ထောင်ဒဏ်ထိ အရေးယူရန်လည်း ထည့်သွင်းပြဋ္ဌာန်းထားသည်ဟု ၎င်းက ဆိုသည်။