ထိုင်းနိုင်ငံနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ သွယ်တန်းထားသော ကုန်းတွင်းအင်တာနက်ဆက်ကြောင်း သြဂုတ် ၂၆ ရက်တွင် ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ပြီး ပြန်လည်ပြင်ဆင်ထားသော်လည်း အင်တာနက် တည်ငြိမ်မှု မရှိသည့် အခြေအနေမျိုးဖြစ်နိုင်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြင်ပဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။
ပြည်တွင်းသို့ ဆက်သွယ်ထားသော ရေအောက်ဖိုင်ဘာကေဘယ်ဆက်ကြောင်း SEA -ME- WE 3 သည်လည်း သြဂုတ် ၁၃ ရက်တွင် ချို့ယွင်းမှုဖြစ်ပေါ်နေပြီးနောက် ယခုကဲ့သို့ ထပ်မံဖြစ်ပွားသောကြောင့် အင်တာနက်မြန်နှုန်း နှေးကွေးနိုင်သည်ဟုလည်း ၎င်းက ပြောသည်။
ဦးစိုင်းစောလင်းထွန်းက“မနေ့ (သြဂုတ် ၂၆ ရက်)က ချို့ယွင်းသွားတဲ့ ကုန်းတွင်းဆက်ကြောင်း အချို့က ပြန်လည်ပြင်ဆင်ထားပါတယ်။ ဒါပေမယ့် အင်တာနက်လိုင်း တည်ငြိမ်မှု မရှိသေးတာမျိုး ဖြစ်တတ်ပါတယ်။ ရေအောက်ဆက်ကြောင်းကတော့ စက်တင်ဘာ ၁၅ ရက်မှ ပြင်ဆင်ပြီးမှာပါ”ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ပင်လယ်ရေအောက် ဆက်ကြောင်း (SEA -ME- -WE 3 )၊ ကုန်းတွင်းနယ်စပ် ဖြတ်ကျော် ဆက်ကြောင်းများ ဖြစ်သည့် ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းနှင့် တရုတ်နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများမှတစ်ဆင့် စုစုပေါင်း International Internet Bandwidth 32.32 Gbps ရယူ ချိတ်ဆက်ကာ အသုံးပြုနေရာမှ ရေအောက်ဆက်ကြောင်းနှင့် ကုန်းတွင်းဆက်ကြောင်းအချို့ ပြတ်တောက်မှုကြောင့် ယခုရက်ပိုင်းအတွင်း 7.44 Gbps အထိသာ အသုံးပြုနိုင်တော့မည်ဟု ဦးစိုင်းစောလင်းထွန်းက ဆိုသည်။
ကုန်းတွင်း နယ်စပ်ဖြတ်ကျော်ဆက်ကြောင်းများအားလုံး ပြန်လည်ကောင်းမွန်လာပါက ယင်းကုန်းတွင်း ဆက်သွယ်ရေး ဆက်ကြောင်းများမှ အင်တာနက် Bandwidth 25.5 Gbps အထိ ချိတ်ဆက် အသုံးပြုနိုင်မည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ဆက်သွယ်ရေးဆက်ကြောင်းများ မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် ထိန်းသိမ်းပြုပြင်ရေးကိစ္စရပ်များကို ကောင်းမွန်အောင် လုပ်ဆောင်ထားသင့်သည်ဟု အိုင်တီပညာရှင်နှင့် လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးရဲမြတ်သူက ဆိုသည်။
၎င်းက “ဆက်သွယ်ရေး ကေဘယ်ဆက်ကြောင်းတွေက မကြာခဏပြတ်တောက်နေတာမျိုးက မဖြစ်သင့်ဘူး။ ဒါတွေကို သေချာ ထိန်းသိမ်းပြုပြင်ဖို့ လိုတယ်။ အရင်က အရည်အသွေး မပြည့်မီတဲ့ ဆက်သွယ်ရေး နက်ဝပ်စ်ပစ္စည်းတွေကို သုံးထားတယ်ဆိုရင်တောင် အခုအချိန်မှာ အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေနဲ့ အစားထိုး ပြုပြင်ပေးသင့်ပါတယ်”ဟု ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံတွင် အင်တာနက်လိုင်းများကောင်းမွန်လာစေရန် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီများကိုလည်း အင်တာနက်လိုင်းများ လွတ်လပ်စွာ ချိတ်ဆက်သည့် ၀န်ဆောင်မှုမျိုး ပေးသင့်သည်ဟု ၎င်းက ဆိုသည်။
“အင်တာနက်လိုင်း ကောင်းကောင်းနဲ့ စျေးနှုန်းသက်သာစွာ အသုံးပြုနိုင်အောင် စျေးကွက်ယှဉ်ပြိုင်တဲ့ပုံစံမျိုး လုပ်ခွင့်ပေးသင့်တယ်”ဟု ဦးရဲမြတ်သူက ပြောသည်။
သြဂုတ်လ ၁၃ ရက်တွင် မြန်မာနိုင်ငံက အဓိက ချိတ်ဆက်သုံးစွဲနေသည် SEA -ME-WE 3 အင်တာနက် ရေအောက် ကေဘယ်လ်ဆက်ကြောင်းတွင် မြန်မာနိုင်ငံက ချိတ်ဆက်သည့် Brunching Unit မှ စင်ကာပူနိုင်ငံသို့ ဆက်သွယ်ထားသည့် ဆက်ကြောင်းပိုင်း အမှတ် ၄၁ ပြတ်တောက်မှုကြောင့် ပြင်ဆင်နေပြီး စက်တင်ဘာလ ၁၅ ရက်တွင်မှသာ ပြီးဆုံးနိုင်မည်ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးက သတင်းထုတ်ပြန်ထားသည်။
SEA-ME-WE 3 ရေအောက်ကေဘယ်ဆက်ကြောင်းသည် အာရှနှင့်ဥရောပရှိ နိုင်ငံပေါင်း ၃၄ နိုင်ငံနှင့် အဖွဲ့အစည်းစုစုပေါင်း ၆၄ ခုက ချိတ်ဆက်အသုံးပြုနေသည့် ဆက်ကြောင်းဖြစ်ပြီး အသုံးပြုနေသည့် သက်တမ်းမှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သည်။
အဆိုပါ ကေဘယ်ဆက်ကြောင်းအတွက် အမေရိကန်ဒေါ်လာ ၁,၄၃၄ သန်း ရင်းနှီးမြှုပ်နှံကာ ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံက အမေရိကန်ဒေါ်လာသန်း၃၀ ခန့် ပါ၀င်မြှုပ်နှံထားသည်။ ယင်းအပြင် နိုင်ငံတကာ ဆက်သွယ်ရေး အင်တာနက်ဆက်ကြောင်း SEA -ME-WE 5ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ချိတ်ဆက်နေပြီး ၂၀၁၆ နှစ်ကုန်တွင် ပြီးစီးမည်ဖြစ်သည်။