တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၁၂ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ညီလာခံ စတုတ္ထမြောက်အထိ ဆွေးနွေးမှု မပြီးပြတ်သေးဘဲ ညီလာခံကို ရပ်ဆိုင်းလိုက်ရသည်ဟု UNFC၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
UNFC ညီလာခံ ဆွေးနွေးမှုကို ရပ်ဆိုင်းလိုက်ပြီး သြဂုတ်လ ၂၉ ရက်တွင် ပြည်တွင်းမှ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေး ကော်မတီ၊ ၁၉၉ဝ ရွေးကောက်ခံ ကိုယ်စားလှယ်များအဖွဲ့၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် အဖွဲ့ (UNA)တို့ တွေ့ဆုံကြမည် ဖြစ်သည်။
“ဖွဲ့စည်းပုံကိုပဲ ဆွေးနွေးနေတယ်။ မပြီးသေးဘူး။ မနက်ဖြန်က တခြားအစီအစဉ်လုပ်ပြီးတော့မှ ဒီညီလာခံကို ဆက်လုပ်မယ်။ သူတို့နဲ့ ချိန်းထားတဲ့ အစီအစဉ်ကို ဆက်ဆွေးနွေးလိုက်မယ်။ အဲဒါပြီးတော့မှ UNFC ညီလာခံကို ပြီးတဲ့အထိ ဆက်လုပ်မယ်”ဟု နိုင်ဟံသာက မဇ္စျိမကို ပြောသည်။
UNFC ညီလာခံ ဒုတိယနေ့တွင် အဖွဲ့၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ဖြည့်စွက် ရေးဆွဲရန် သဘောတူခဲ့ ကြပြီး စတုတ္ထမြောက်နေ့အထိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း (၁) မှ (၇)ထိ ဆွေးနွေးပြီး ဖြစ်သည်။
ယနေ့ ဆွေးနွေးမှုထဲတွင် UNFC သုံးနှစ်တကြိမ် ညီလာခံကျင်းပမှုကိုလည်း ၂ နှစ်တစ်ကြိမ် ကျင်းပရန်၊ မူလ သတ်မှတ်ထားသော တစ်နှစ်တစ်ကြိမ် ကျင်းပသော အစည်းအဝေးကိုလည်း ၆ လတကြိမ် ကျင်းပရန်၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကိုလည်း ၂ လတကြိမ် ကျင်းပရန် သဘောတူခဲ့ကြသည်ဟု UNFC အဖွဲ့ဝင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာအိုက်ဘုန်းက ပြောသည်။
“နိုင်ငံရေး မိုးလေဝသအခြေအနေ သုံးသပ်တာနဲ့ တပ်ပေါင်းစုရဲ့ အခြေအနေ သုံးသပ်တဲ့ သဘောထားတွေ နားထောင်ကြည့်တော့ သုံးနှစ်သက်တမ်းနဲ့ ၂ နှစ်ပဲ ပြောင်းလဲမယ် ဆိုတာ အချိန်ယူဆွေးနွေးတာ ရှိတယ်။ နှစ်နှစ်သက်တမ်းကိုပဲ သွားမယ်။ ရွေးကောက်ပွဲစနစ်နဲ့သွားမယ်ပေါ့။ ဒါက ပြင်ဆင်ဖြည့်စွက်လိုက်တာ”ဟု သူက မဇ္စျိမကို ပြောသည်။
တတိယနေ့ သြဂုတ်လ ၂၇ ရက်တွင်လည်း UNFC ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အခန်း(၃) ဖက်ဒရယ်ကောင်စီ ဖွဲ့စည်းပုံတွင် သုတေသနနှင့် ဥပဒေ ရေးရာဌာန၊ နိုင်ငံခြား ရေးရာ ဌာန၊ ကာကွယ်ရေးဌာန၊ ဘဏ္ဍာရေးဌာန၊ နေရာ ချထားရေးနှင့် ကယ်ဆယ်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးနှင့် စည်းရုံးရေးဌာန ၆ ခုကို မူလအတိုင်း ဆက်လက် ထားရှိရန် သဘောတူခဲ့ဟု ဗိုလ်မှူးချုပ် တာအိုက်ဘုန်းက ပြောသည်။
သြဂုတ်လ ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပသော UNFC ညီလာခံတွင် သုံးနှစ်ကျော်ကြာ လုပ်ဆောင်မှုများကို ပြန်လည် သုံးသပ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခြင်းနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ပြင်ဆင်ဆွေးနွေးကြမည် ဖြစ်သည်။
၂ဝ၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက တိုင်းရင်းသား ညီလာခံတွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ညီလာခံတွင် KIO၊ KNU၊ KNPP၊ NMSP၊ CNF၊ SSPP၊ PNLO၊ PSLF၊ LDU၊ ANC၊ WNO၊ MNDAA စသည့် အဖွဲ့အစည်း ၁၂ ဖွဲ့နှင့် ဆက် စပ်အဖွဲ့များ ဖြစ်သော ABSDF၊ ALP၊ AAနှင့် ငြိမ်းချမ်းရေးကောင်စီ PC စသည့် အဖွဲ့ ၅ ဖွဲ့မှ ကိုယ်စားလှယ်များ စုစုပေါင်း ၁ဝဝ ခန့် တက်ရောက် ဆွေးနွေးနေခြင်း ဖြစ်သည်။