ပီအာရ်စနစ်ပြောင်းရေး သွေးရူးသွေးတန်း ထောက်ခံနေခြင်းမဟုတ်ဟု တစည တုံ့ပြန်

ပီအာရ်စနစ်ပြောင်းရေး သွေးရူးသွေးတန်း ထောက်ခံနေခြင်းမဟုတ်ဟု တစည တုံ့ပြန်
by -
မဇ္စျိမ

အနာဂတ်ရွေးကောက်ပွဲများတွင် တစ်မဲအသာ ရသူအနိုင်ယူစနစ်မှ အချိုးကျကိုယ်စားပြုစနစ် (ပီအာရ်) ပြောင်းလဲကျင့်သုံးရန် လွှတ်တော်များ၏ စီစဉ်မှုကို သွေးရူးသွေးတန်း ထောက်ခံနေခြင်းမဟုတ်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းရီက တု့ံပြန်ပြောဆိုလိုက် ပြောသည်။

“ဟိုတုန်းကတည်းက စတင်ပြောဆို ထောက်ခံခဲ့တာပါ။ ယခုမှ သွေးရူးသွေးတန်းလိုက်ပြီး ပီအာရ်ကို ထပြောနေတဲ့ ပါတီတွေထဲမှာ ကျွန်တော်တို့ ပါတီ မပါပါဘူး”ဟု သြဂုတ်၂၅ရက် မကွေးတိုင်း တစညပါတီရုံး၌ ကျင်းပသည့် ၂၀၁၅ ပါတီအောင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ပြောသည်။

nup-22nd-anniversary2

တစညက စနစ်ပြောင်းလဲကျင့်သုံးရန် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအလွန်ကာလ ၂၀၀၇ ခုနှစ်အတွင်း ကျင်းပသည့် အမျိုးသားညီလာခံကတည်းကပင် ထောက်ခံထားသည်ဟု ဦးထွန်းရီက ဆိုသည်။ အဆိုပါ အမျိုးသားညီလာခံသည် လက်ရှိ၌ ပြင်ဆင်ရန်ကြိုးပမ်းနေသည့် ၂၀၀၈ အခြေခံဥပဒေကို ရေးဆွဲပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် ထိုစဉ်က တစည၏ အဆိုပြုချက် မအောင်မြင်ခဲ့ဘဲ ၂၀၀၈ ဖွဲ့စည်းပုံအရ ကျင်းပခဲ့သည့် ၂၀၁၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတို့တွင် သတ်မှတ်မဲ ဆန္ဒနယ်တစ်ခု၌ မဲအများဆုံးရသူ အနိုင်ရသည့် စနစ်ကိုသာ ကျင့်သုံးသည်။

ယင်းနောက် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲနီးကပ်လာချိန်တွင် ပါတီအလိုက်ရရှိသော မဲအရေအတွက် စုစုပေါင်း၏ ရာခိုင်နှုန်းအချိုးဖြင့် အမတ်ဖြစ်ခွင့်ရမည့် ပီအာရ်စနစ်ပြောင်းသုံးရန် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့က ပြင်ဆင်လာခဲ့ပြီး အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကလည်း ထောက်ခံထားသည်။

“အမျိုးသားညီလာခံပြီးခါနီးမှာ တစညပါတီကိုယ်စားလှယ်တွေက ရွေးကောက်ပွဲစနစ်မှာပီအာရ်ကို အဆိုပြုချက်ကို စပြီး ထောက်ခံလာခဲ့ကြတာ။ ဘာကြောင့်လဲဆိုရင် ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက အင်အားကြီး NLD (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)နဲ့ ကျွန်တော်တို့ ပါတီရွေးချယ်ရာမှ NLD က တစ်မဲအသာနဲ့ သွားတယ်”ဟု ဦးထွန်းရီက ပြောသည်။

အဆိုပါ ရွေးကောက်ပွဲတွင် ပြည်သူ ရ သန်းကျော် ထောက်ခံသည့် NLD ပါတီကသာ အလုံးစုံအနိုင်ရခဲ့ပြီး ဦးရေ သုံးသန်းကျော် ရရှိခဲ့သည်။ တစညပါတီ၏ ရလဒ်အလဟဿဖြစ်ခဲ့ရသည်ဟု ဦးထွန်းရီက ဆိုသည်။

“ပီအာရ် စနစ်ဆိုခဲ့ရင် မဲဆန္ဒနယ်တစ်နယ်မှာရရှိတဲ့ မဲအရေအတွက်အရ အချိုးကျ လွှတ်တော်ကိုယ်စားလှယ် နေရာတွေရကြမှာပါ။ ၁၉၉၀ ရွေးကောက်ပွဲကတည်းက တွေ့ရှိခဲ့ရတဲ့အတွက် မျှမျှတတနဲ့ ရွေးကောက်ပွဲဆိုရင် လူထုတွေက ပေးတဲ့ မဲတွေလည်း အလကားမဖြစ်တဲ့အတွက် ပီအာရ်ကို ထောက်ခံတာပါ” ဟု ၎င်းက မီဒီယာများသို့ ပြောသည်။

တစညပါတီကို ၁၉၈၈ ခုနှစ်မတိုင်မီ နိုင်ငံတော်အာဏာကို ရယူထားသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တာဝန်ရှိသူ အများစုပါ၀င်မှုဖြင့် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကာလအပြီး ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး၌ ပါတီဝင်အင်အား ၅၀၀, ၀၀၀ ကျော်ရှိသည်ဟု တစညက သတင်းထုတ်ပြန်ထားသည်။

အနီးကပ်ဆုံး ကျင်းပမည့် ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေသည့် မဲဆန္ဒနယ် ၃၄ နေရာ အနက် ၁၈ နေရာတွင် ယှဉ်ပြိုင်ရန်မျှော်မှန်းထားသည်ဟု မကွေးတိုင်း တစညပါတီ ဥက္ကဋ္ဌဦးသန်းတင်က ပြောသည်။

Most read this week